ရုရှားသိမ်းပိုက်ခံ ခရိုင်းမီးယားကျွန်းဆွယ်က ဆီဗက်စတိုပိုဆိပ်ကမ်းမြို့မှာ ဧပြီ ၂၉ ရက်က ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုဖြစ်ပုံရတဲ့ တိုက်ခိုက်မှုကြောင့် လောင်စာလှောင်ကန်တစ်ခု မီးလောင်ခဲ့တယ်လို့ ရုရှားခန့် အုပ်ချုပ်ရေးမှူး ကပြောပါတယ်။
မီးလောင်တဲ့ နေရာမှာ ထိခိုက်ဒဏ်ရာရသူမရှိဘဲ အရပ်သားပိုင် ပစ္စည်းတွေကို ခြိမ်းခြောက်မှုလည်း မရှိခဲ့ဘူးလို့ အုပ်ချုပ်ရေးမှူး မီခေးလ် ရက်ဇ်ဗာရှာယဗ်က တယ်လီဂရမ် လူမှုကွန်ယက်ပေါ်ကနေ ပြောပါတယ်။
၂၀၁၄ ခုနှစ်မှာ ရုရှားက ယူကရိန်းဆီကနေ ခရိုင်းမီးယားကျွန်းဆွယ်က ဆီဗက်စတိုပို ဆိပ်ကမ်းမြို့ကို သိမ်းပိုက်ခဲ့တာပါ။
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှာတော့ ရုရှားက ယူကရိန်း တနိုင်ငံလုံးကို လုံးလုံးလျားလျား ကျူးကျော်ဝင်ရောက်ပြီးတဲ့နောက်ပိုင်း စီဗက်စတိုပိုမြို့ဟာ လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်ခံခဲ့ရပါတယ်။ စီဗက်စတိုပိုမြို့ကို တိုက်ခိုက်မှုကို ရုရှားအရာရှိတွေက အပြစ်တင်ခဲ့ပါတယ်။
ယူကရိန်းအစိုးရဟာ ရုရှားနိုင်ငံအတွင်း ဒါမှမဟုတ် ယူကရိန်းနိုင်ငံထဲက ရုရှားထိန်းချုပ် နယ်မြေ တွေထဲမှာ တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလေ့ မရှိပါဘူး။
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ဇာပိုရစ်ချ်ဇီယာ ဒေသထဲမှာ ဧပြီ ၂၈ ရက်ကစပြီး စစ်ရေးလေ့ကျင့်ခဲ့ ပါတယ်။
လေ့ကျင့်မှုရဲ့ အဓိကပန်းတိုင်ဟာ ထိုးစစ်ဆင်ရေးအတွက် စစ်သားတွေကို ပြင်ဆင်ပေးဖို့လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။
“လူတွေက ဒါကိုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီ၊။ အတိုဆုံး အချိန်အတွင်း ဘယ်အမိန့်ကို မဆို အကောင်အထည်ဖော်ဖို့ အဆင်သင့်ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်”လို့ ဒစ္စကပ်စ် ဆိုတဲ့ နာမည်ဝှက်ကို သုံးသူ ဒုတိယတပ်မဟာမှူးက ပြောပါတယ်။
ခုအချိန်အထိ သွေးထွက်သံယို အပြင်းထန်ဆုံး တိုက်ပွဲတွေကြားကနေ နယ်မြေနည်းနည်းသာ ရခဲ့တဲ့ လပေါင်းများစွာကြာတဲ့ ရုရှားဆောင်းရာသီ ထိုးစစ်ပြီးတဲ့နောက် ယူကရိန်းစစ်ပွဲဟာ အရေးကြီးတဲ့ အလှည့်အပြောင်းဆီ ရောက်နေပါပြီ။
ယူကရိန်း စစ်တပ်ဟာ အနောက်နိုင်ငံတွေကနေပေးပို့တဲ့ တင့်ကားတွေနဲ့ သံချပ်ကာယာဉ် ရာပေါင်းများစွာ ကို သုံးပြီး တန်ပြန်ထိုးစစ်ကို ပြင်ဆင်နေပါတယ်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ရွာလမ်းမှာ ဂိတ်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီ ၁၂ ရက် မနက် ၁၁ နာရီက ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီက သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တဦးက “ခေတ်ပျက်ကို လုပ်စားနေတာ။ ဘာမှမဆိုင်တဲ့ ပြည်သူလည်း အပြစ်မရှိ အပြစ်ရှာ ငွေကောက်တယ်။ သူတို့ မူးလာပြီဆိုရင် လမ်းသွားလမ်းလာတွေကို ရစ်တယ်။ မထင်ရင် ထိုးကြိတ်တာတွေပါ လုပ်တယ်။ အဲဒီလိုလုပ်လို့ ဒရုန်းအသုံးပြုပြီး ၄ ကြိမ် တိုက်ခိုက်ခဲ့တယ်။ သေတာကတော့ အတိအကျ မသိရသေးဘူး၊ စုံစမ်းနေဆဲ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၀ ရက်က အရာတော်မြောက်နယ်၊ နောင်ကြီးအိုင်ကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်တွေကိုင်ဆောင်ပြီး တအိမ်တက်ဆင်း လှည့်ကာ မီးဘေးအန္တရာယ် ကာကွယ်ရေးပစ္စည်းတွေ ပြုလုပ်ထားဖို့နဲ့ မပြုလုပ်ပါက ဒဏ်ငွေ ၅၀,၀၀၀ ကျပ် ပေးဆောင်ရမယ်လို့ လိုက်လံခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပဲစိုက်တောင်သူ လင်မယားနှစ်ယောက် လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသားဖြစ်သူ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အင်းတော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အင်းပတ်လမ်းနားက ပဲခင်းမှာရှိတဲ့ ပဲစိုက်တောင်သူ လင်မယားနှစ်ဦးကို ထိမှန်ခဲ့တာလို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
“အင်းတော်နယ်မှာ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ အဲဒါကို မနက် ၁၀ နာရီလောက်မှာ စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်။ အင်းပတ်လမ်းနားမှာ ပဲနှုတ်နေတဲ့ လင်မယားနှစ်ဦးလုံး လက်နက်ကြီးကျည်ထိတာ၊ အမျိုးသားကတော့ ဆုံးသွားတယ်။ စစ်တပ်က အလောင်းလာယူပြီး သင်္ဂြိုဟ်လိုက်တယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျည် ထိမှန်ခဲ့လို့ ပဲစိုက်တောင်သူတဦးဖြစ်တဲ့ ဦးနိုင်ဝင်းဟာ သွေးထွက်လွန်ကာ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူကတော့ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဆေးကုသမှု ခံယူနေရပါတယ်။
အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာမှာ ဇန်နဝါရီ ၁ ရက်က ကောက်လှိုင်းပုံအတွင်း စစ်ကောင်စီတပ် မိုင်းထောင်ထားခဲ့လို့ စပါးချွေလေ့ပြုလုပ်တဲ့ တောင်သူတဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့ပါတယ်။