ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ကျွန်းတကျွန်းကို တုန်လှုပ်စေခဲ့တဲ့ ဒရုန်းယာဉ်တစင်းကို တရုတ်ကမ်းလွန်မှာ ပစ်ချခဲ့တာဟာ စိတ်ရှည်သည်းခံပြီး ထပ်ခါတလဲလဲ သတိပေးမှုတွေ လုပ်အပြီးမှာ အလုပ်သင့်ဆုံးကိစ္စ ဖြစ်တယ်လို့ ထိုင်ဝမ်ဝန်ကြီးချုပ် Su Tseng-chang က စက်တင်ဘာ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
“ထိုင်ဝမ်ပြည်သူတွေနဲ့ ကမ္ဘာတဝန်းက ဒီမိုကရေစီနိုင်ငံအားလုံးက ဒါကို သင့်လျော်တယ်လို့ ယူဆမယ်ဆိုတာ ယုံကြည်ပါကြောင်း” ထိုင်ဝမ်ဝန်ကြီးချုပ်က ပြောသွားတာပါ။
ထိုင်ဝမ်တဝိုက် ပေကျင်းက စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေချိန်မှာ တရုတ်နိုင်ငံကလာတဲ့ ဒရုန်းတွေဟာ ကင်းန်မန်ကျွန်းတွေအနီးကို တည့်တည့် ပျံသန်းဝင်ရောက် နှောင့်ယှက်မှုအပေါ် အကြိမ်ကြိမ် သတိပေး သတင်းပို့ခဲ့ပြီး တရုတ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သင့်ကြောင်းလည်း သူက ဆိုပါတယ်။
ထိုင်ဝမ်အစိုးရက ဒီလိုကျူးကျော်မှုတွေ တိုးလာနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ကတိပြုပြီးနောက်မှာ စက်တင်ဘာ ၁ ရက်နေ့က တရုတ်နိုင်ငံ ရှားမန်မြို့အနီးရှိ ကင်းန်မန်ကျွန်းစုရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ခြင်္သေ့ကျွန်းလေး အနီးက လေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ အမျိုးအမည်မသိ အရပ်သားဒရုန်းတစီးကို ထိုင်ဝမ်စစ်တပ်က ပထမဆုံးအကြိမ် ပစ်ချခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင်ကလည်း မောင်းသူမဲ့လေယာဉ် ခရီးစဉ် ဗီွဒီယိုနှစ်ခုထက်မနည်း တရုတ် ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီး အဲဒီအထဲမှာ ထိုင်ဝမ်စစ်သားတွေက ဒရုန်းကို ခဲနဲ့ပေါက်တာကိုလည်း ထည့်ပြခဲ့တာပါ။
တရုတ်မှာ ထိုင်ဝမ်ထဲကို ပျံသန်းနေတဲ့ ဒရုန်းတွေ ရှိနေပြီး ပြည်တွင်းဝါဒဖြန့်ချိရေးမှာ ပြန်သုံးဖို့ ရုပ်ရှင်ဗီွဒီယိုတွေတောင် ရှိနေကြောင်း ထိုင်ဝမ်ဝန်ကြီးချုပ်က ပြောပါတယ်။
ဒီလိုကျူးကျော်ဝင်ရောက်တာမျိုးတွေ မလုပ်ဖို့ အကြိမ်ကြိမ် တောင်းဆို သတိပေးခဲ့ပြီး ဒီလုပ်ရပ်တွေကို ထိုင်ဝမ်ပြည်သူတွေ ခါးသီးနာကြည်းရတယ်လို့လည်း ထိုင်ဝမ်ဝန်ကြီးချုပ် Su Tseng-chang က ပြောသွားပါတယ်။