close

ဒရုန်း

close

May 8, 2023

ယူကရိန်းတပ်များကို အရှိန်မြှင့်တိုက်ခိုက်ပြီး ဒရုန်း ၃၂ စင်း ပစ်ချခဲ့ဟု ရုရှားပြော

ရုရှားတပ်ဖွဲ့တွေဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူပန့်စ်နဲ့ ဒွန်ညက်ခ်မြို့ အပါအဝင် ရှေ့တန်းစစ်မျက်နှာပြင်မှာ ယူကရိန်းတပ်ဖွဲ့တွေ၊ နိုင်ငံခြားကြေးစားစစ်သားတွေနဲ့ လက်နက်တိုက်တွေကို အရှိန်မြှင့်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။

တချိန်တည်းမှာပဲ ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့က နယ်မြေအနှံ့အပြားရှိ ယူကရိန်းဒရုန်း ၃၂ စင်းကိုပါ ပစ်ချနိုင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူကတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေရာ ဘတ်ခ်မွတ်မြို့ လမ်းကြောင်းတလျှောက်မှာ ရုရှားရဲ့ထိုးစစ်ဆင်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ မှတ်ချက်ပေးပါတယ်။

ယူကရိန်းဘက်ကလည်း လေတပ် အပါအဝင် ဒုံးကျည်၊ အမြောက်တပ်ဖွဲ့တွေနဲ့အတူ တန်ပြန် တိုက်ခိုက်မှုတွေ ဖော်ဆောင်ခဲ့ပြီး ရုရှားပိုင်လက်နက်တွေ စုပြုံထားရှိရာ နေရာတွေအပြင် ကွပ်ကဲရေး တည်နေရာတွေကိုပါ ပစ်မှတ်ထားခဲ့တယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က ပြောပါတယ်။

11 mins Ago

May 5, 2023

ရုရှား ကာမီကာဇေဒရုန်း ၁၈ စင်းကို ယူကရိန်းပစ်ချ

ရုရှားကပစ်လွှတ်ခဲ့တဲ့ ကာမီကာဇေဒရုန်း ၂၄ စင်းအနက် ၁၈ စင်းကို ယူကရိန်းလေကြောင်း ကာကွယ်ရေးတပ်တွေက မေလ ၄ ရက်မှာ ပစ်ချခဲ့ပါတယ်။

လေးရက်အတွင်း တတိယအကြိမ်မြောက် ယူကရိန်းမြို့တော်ကို ပစ်မှတ်ထားတဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ကိယက်ဗ်မြို့တော်အုပ်ချုပ်ရေးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

“ရုရှားတွေဟာ ပဲ့ထိန်းဒုံးကျည်အမျိုးအစား ဖြစ်နိုင်တဲ့ ရှဟိဒ်ခဲယမ်းတွေနဲ့ ဒုံးကျည်တွေကို အသုံးပြုပြီး ကိယက်ဗ်မြို့တော်ကို တိုက်ခိုက်ခဲ့ပါတယ်” လို့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ပင်လယ်နက်ကမ်းရိုးတန်းမြို့ သြဒက်ဇာမြို့ကို ရှဟိဒ် ကာမီကာဇေ မောင်းသူမဲ့လေယာဉ် ၁၅ စင်း ပစ်ခတ်ခဲ့ရာမှာ လေကြောင်းရန်ကာကွယ်ရေးအဖွဲ့ကြောင့် ၁၂ စင်း ပျက်စီးခဲ့ပြီး ၃ စီးဟာ တက္ကသိုလ်ဝင်းအတွင်း ထိမှန်ခဲ့ပါတယ်။ အသေအပျောက်မရှိခဲ့ဘူးလို့ ယူကရိန်း တောင်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။

ရုရှားဟာ မနှစ် အောက်တိုဘာလကတည်းက ယူကရိန်းကို ပုံမှန်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပစ်မှတ်အမျိုးမျိုးကို တိုက်ခိုက်ခဲ့ပါတယ်။

ခါဆွန်မြို့ကို ရုရှားက တိုက်ခိုက်မှုအတွင်း လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောကြားပြီးနောက် ၂၄ နာရီအတွင်း နောက်ထပ် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

3 days Ago
Up