စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် PDF ခေါင်းဆောင်တယောက်က စစ်အာဏာရှင် ကျဆုံးရေးအတွက် PDF တပ်ရင်းတပ်ဖွဲ့တွေအားလုံး စုစုစည်းစည်းနဲ့ ဒီထက်မက လုပ်ဆောင်ကြဖို့နဲ့ ပြည်သူတွေဘက်ကလည်း သူလျှိုဒလန် မလုပ်ကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
ရင်ပေါင်တိုင်ကျေးရွာဖြစ်စဥ်အပြီး အခုလို တိုက်တွန်း ပြောဆိုခဲ့တာဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီ ရရှိဖို့အရေး အားလုံး လက်တွဲညီစွာ ဇွဲလုံ့လ မလျော့ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ရင်ပေါင်တိုင်ကျေးရွာကို ဒလန်သတင်းပေးမှုကြောင့် သြဂုတ် ၁၁ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ဝင်ရောက် လာတာကြောင့် ပြည်သူအများအပြား ပိတ်မိ ဖမ်းဆီးခံခဲ့ရသလို PDF တချို့နဲ့ ဒေသခံတွေ အသက်ဆုံးရှုံးခဲ့ကာ အိမ်မွေးတိရစ္ဆာန် အများအပြားလည်း သေဆုံးခဲ့ပြီး ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦတွေနဲ့ ပြည်သူပိုင်ကား၊ ဆိုင်ကယ်တွေလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ကို ယင်းမာပင်ခရိုင်တပ်ရင်းမှူး ဒူချွန်နဲ့ CNA တပ်ရင်းမှူးတို့ရဲ့ ဦးစီးဆောင်ရွက်မှုနဲ့အတူ ပြန်လည်တိုက်ခိုက်ခဲ့ပြီး ပိတ်မိနေတဲ့ ပြည်သူတချို့ကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ကယ်ထုတ်နေစဥ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ လာရောက်ပစ်ခတ်သလို စစ်အင်အားလည်း ထပ်မံဖြည့်တင်းတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ အဲဒီနောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေကို ထပ်မံတိုက်ခိုက်ခဲ့ရာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ယင်းမာပင်မြို့နယ် PDF ခေါင်းဆောင် ဆရာစံက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ကို ယင်းမာပင်ခရိုင် တပ်ရင်းမှူး ဒူချွန်အဖွဲ့နဲ့အတူ CNA တပ်ဖွဲ့၊ ဆရာစံ PDF တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း-၉၊ တပ်ရင်း-၁၃ (PRA) အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၁၊ ရိုးမဖိုက်တာအဖွဲ့၊ ရိုးမရာဇာအဖွဲ့၊ Young Ranger Force(YRF) အဖွဲ့၊ MRDA အဖွဲ့၊ Aung San Force အဖွဲ့၊ God of Myang အဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၊ တပ်ရင်း-၇၊ တပ်ရင်း ၈ နဲ့ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ Local PDF တွေ ပူးပေါင်းတိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
လက်ရှိအချိန်မှာ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ PDF အဖွဲ့တွေဟာ စစ်ရေးကို ပူးပေါင်းဆောင်ရွက်လာနိုင်ပြီး စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတဝန်းရှိ ရဲဘော်ရဲဘက်တွေကလည်း လက်တွဲညီညီနဲ့ စည်းလုံးစွာ တိုက်ပွဲဖော်ဆောင်ကြဖို့နဲ့ ပြည်သူတွေအနေနဲ့လည်း မိမိတို့ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေးအတွက် လုံးဝ ဇွဲလျှော့ အားလျော့သွားတာမျိုး မဖြစ်ကြဖို့၊ သူလျှိုဒလန်လုပ်မယ့်သူတွေအနေနဲ့လည်း အများပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ငဲ့ညှာပြီး မပြုလုပ်ကြဖို့နဲ့ လုပ်ခဲ့ရင်လည်း PDF အဖွဲ့တွေက NUG အစိုးရရဲ့ ညွှန်ကြားချက်နဲ့အညီ လုပ်သင့်တာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့က လူငယ်တယောက်အား PDF အဖွဲ့ကို ထောက်ပံ့တယ်စွပ်စွဲပြီး စစ်ကောင်စီတပ်က ဇွန် ၇ ရက်မနက်ပိုင်းမှာ ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှတ် ၁၃ ရပ်ကွက် ပြည်တော်သာလမ်းက ကိုချမ်းမြေ့ကို ကို ဇွန် ၇ ရက်မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားကြတာလို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။
“ကိုချမ်းမြေ့ကိုက ကုန်စုံဆိုင်ဖွင့်ထားတာဗျ။ ခုမနက်ပိုင်းမှာ စစ်(...)တွေနဲ့ အရပ်ဝတ် ဝတ်ထားတဲ့သူ ၁၀ ယောက်ကျော်လောက် ရောက်လာပြီး NUG ၊ CRPHနဲ့ PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲဖမ်းဆီးသွားကြတာ။ အိမ်အထိ လာဖမ်းတာဆိုတော့ ဒလန်တွေက မဟုတ်မှန်သတင်းပေးလို့ အခုလို အဖမ်းခံရတာ။”
ကိုချမ်းမြေ့ကိုအား ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြပြီး မိသားစုဝင်တွေနဲ့ တွေခွင့်မပေးသေးဘူးလို့ သိရပါတယ်။
ပခုက္ကူမြို့ရဲ့ အဓိက အချက်ချာကျတဲ့နေရာတွေမှာလည်း စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေက ပိတ်ဆို့ စစ်ဆေးနေပြီး နေ့စဥ် ဖမ်းဆီးနေတာကြောင့် ပြည်သူတွေအနေနဲ့ အပြင်သွားမယ်ဆိုရင် လက်ကိုင်ဖုန်းတွေကို အသေချာရှင်းလင်းရေး လုပ်ပြီးမှာ သွားလာကြဖို့နဲ့ ဖြစ်နိုင်ရင် ဖုန်းယူ မသွားတာတော့ အကောင်းဆုံးပဲလို့ ဒေသခံ တဦးက ဆိုပါတယ်။
ပခုက္ကူမြို့မှာ ဇွန် ၃ ရက်မနက်ပိုင်းကလည်း စျေးဝယ်ဖို့လာတဲ့ မြိုင်မြို့နယ်က လူငယ် ၂ ယောက်ကို စစ်အုပ်စုတွေက ဖမ်းဆီးပြီး ပခုက္ကူမြိုမရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွား ကြတယ်လို့ သိရပါတယ်။
ပခုက္ကူခရိုင်အတွင်းမှာ အခုနှစ် ဖေဖော်ဝါရီလကနေ အခုထိ ဖမ်းဆီးခံထားရသူ ၂၀၀ ကျော် လောက် ရှိနေပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာ ၈၀ ကျော်လောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။