close

ဒါရိုက်တာ ဏကြီး

close

May 25, 2022

ဒေါင်းနှင့် ပိုင်ဖြိုးသုတို့ပါဝင်သရုပ်ဆောင်သည့် “နိုင်ငံပျောက်သူ”ရုပ်ရှင်ဇာတ်လမ်းတို ထုတ်လွှင့်မည်

မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်ကရပ်တည်ခဲ့ကြတဲ့ တော်လှန်အနုပညာရှင်တွေ ဖန်တီးပုံဖော်ရိုက်ကူးထားတဲ့ “နိုင်ငံပျောက်သူ”ရုပ်ရှင်ဇာတ်လမ်းတိုကို လာမယ့် မေ ၃၀ ရက်မှာ ထုတ်လွှင့်သွားဖို့ရှိနေပါတယ်။

ဒီဇာတ်လမ်းကိုတော့ ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်လမ်းဖန်တီးရိုက်ကူးထားခဲ့တာဖြစ်ပြီး သရုပ်ဆောင်မင်းသား ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။

ဒါရိုက်တာ ဏကြီးက “ကျနော် စစ်မတိုက်တတ်ဘူး။ fundraising တွေလည်း မလုပ်တတ်ဘူး။ ကျနော်က ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ ရုပ်ရှင်ပဲ ရိုက်တတ်ပါတယ်။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ပြီး တော်လှန်ပါတယ်။”လို့ ပြောပါတယ်။

“နိုင်ငံပျောက်သူ”ရုပ်ရှင်ဇာတ်လမ်းတိုထဲမှာ အဆိုတော် ကျားပေါက်ကလည်း ဂီတဖန်တီးမှုတွေနဲ့ ပါဝင်ထားပြီး တခြားသော တော်လှန်ရေး ရဲဘော်ရဲဘက် အနုပညာရှင်တွေကလည်း တတပ်တအား ပါဝင်ထားကြကာ ပဒေသာပင် Youtube ချယ်နယ်လ်ကနေ မျှဝေပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ ရာမှာ ဒါရိုက်တာ ဏကြီး၊ သရုပ်ဆောင် ပိုင်ဖြိုးသု၊ ဒေါင်း၊ အဆိုတော် ကျားပေါက်တို့အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်နေခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်မှာတော့ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ပိုပို၊ စောဖိုးခွား၊ ဝင်းမင်းသန်းတို့ကို ထောင်ဒဏ် ၃ နှစ်စီ ကျခံစေဖို့ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တာပါ။

လတ်တလော လွတ်မြောက်လာသူတွေထဲမှာတော့ ထင်ရှားတဲ့ အဆိုတော် စောဖိုးခွားနဲ့ သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် ပိုပိုတို့ ပါဝင်လာခြင်း မရှိသေးပါဘူး။

“နိုင်ငံပျောက်သူ”ရုပ်ရှင်ဇာတ်လမ်းတို ကြည့်ရှုနိုင်ရန် ယူကျုဘ်လင့်ခ်— https://www.youtube.com/c/PaDayTharPin

12 hours Ago

May 9, 2020

လမ်းမတော်ဖိုးတုတ်အကြောင်းစာအုပ် ရုပ်ရှင်ရိုက်ကူးရန် ဒါရိုက်တာ ဏကြီး ဝယ်ယူ

တခေတ်တခါက ထင်ရှားခဲ့တဲ့ ရန်ကုန်မြို့က လူမိုက်တွေအကြောင်း ပုံဖော်ရေးသားထားတဲ့ The Guys of Rangoon စာအုပ်ကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးဖို့ ဒါရိုက်တာ ဏကြီးက ဝယ်ယူလိုက်ပြီလို့ သိရပါတယ်။ ဒီစာအုပ်ကိုတော့ သရော်စာတွေ ရေးသားရာကနေ နာမည်ကြီးလာတဲ့ ဗြိတိသျှကိုကိုမောင် ခေါ် စာရေးဆရာ ခက်ဇော်က ရေးသားထားခဲ့ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ပေါ် အပိုင်းလိုက်တင်ခဲ့ပြီး မျှဝေခဲ့ရာကနေ ရေပန်းစားလာခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၉၃၀ ပြည့်လွန်ကာလတဝိုက် ရန်ကုန်မြို့မှာ ထင်ရှားခဲ့တဲ့ လမ်းမတော်ဖိုးတုတ်ကို ဇာတ်အိမ်ပြုပြီး အဲဒီခေတ်ကာလက လူမိုက်တွေအကြောင်း ပုံဖော်ထားတဲ့ ဒီစာအုပ်ကိုတော့ ငါတို့စာပေကနေ ဖြန့်ချိထုတ်ဝေဖို့ စီစဉ်ခဲ့ချိန်မှာပဲ ခုလို ဝယ်ယူလိုက်တာဖြစ်ပြီး စာအုပ်အမှာစာတွေဟာလည်း အုပ်ရေ ၁ သောင်းကျော်ထိ စံချိန်တင် ရရှိခဲ့တယ်လို့ သိရပါတယ်။ လူငယ်ဒါရိုက်တာ တယောက်ဖြစ်တဲ့ ဏကြီးဟာ စာရေးဆရာမကြီး ကြည်အေးရဲ့ ‘မီ’ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံဖော်ရာကနေ ပရိသတ်လက်ခံအားပေးမှု ရရှိထားခဲ့သူတဦး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးဖို့ ခုလိုထပ်မံဝယ်ယူလိုက်တဲ့ ဒီသတင်းအပေါ် ပရိသတ်တွေကရော အနုပညာရှင်တွေကပါ ဝမ်းမြောက်ချီးကျူး မှတ်ချက်တွေ ပေးနေကြပါတယ်။
2 years Ago
Up