ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်က မြို့လယ်ရင်ပြင်မှာ ရာချီတဲ့ လူတွေဟာ မီးတုတ်တွေ ကိုင်ဆောင်ရင်း မေ ၄ ရက် ညနေက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ပြောတဲ့မိန့်ခွန်းကို ရုပ်သံကနေတဆင့် နားထောင်ခဲ့ကြပါတယ်။
"စစ်ပွဲဟာ ဥရောပကို ပြန်ရောက်လာပြီ၊ စစ်ပွဲဟာ ရက်စက်ပြီး လူမဆန်ဘူး၊ ဆိုးရွားတယ်၊ ဥရောပစစ်ပွဲကို ငါတို့ရဲ့မျိုးဆက်ဟာ နောက်တကြိမ် ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုတာ စိတ်ကူးကြည့်ပါ" လို့ ဒိန်းမတ်ဝန်ကြီးချုပ်က ဇလန်းစကီးနဲ့ မိတ်ဆက်မပေးခင် မိန့်ခွန်းထဲမှာ ပြောပါတယ်။
ကိုပင်ဟေဂင် မြို့တော်ခန်းမ ရင်ပြင်မှာ ကျင်းပတဲ့ အမှောင်ထဲက အလင်းပွဲစဉ်ကို ဒိန်းမတ်သတင်းစာတွေဖြစ်တဲ့ ပိုလစ်တစ်ကန်နဲ့ ယူလန်ပို့စ်တန်တို့က စီစဉ်ခဲ့ကြပြီး ယူကရိန်းပြည်သူတွေနဲ့အတူ သွေးစည်းကြောင်း ပြသခဲ့ပါတယ်။
အလားတူ ပွဲစဉ်ကို တချိန်တည်းမှာပဲ ဒိန်းမတ်ရဲ့ ဒုတိယအကြီးဆုံးမြို့ ဩဟုစ်မှာ ကျင်းပခဲ့ပါတယ်။