close

ဒိန်းမတ်သံရုံး

close

April 13, 2022

မြန်မာနှစ်သစ်ကူး သင်္ကြန်အတွက် နိုင်ငံခြားသံရုံးများ ဆုတောင်းမေတ္တာပို့

၂၀၂၂ ခုနှစ် ဧပြီလမှာ ကျရောက်တဲ့ မြန်မာနှစ်သစ်ကူး သင်္ကြန်အတွက် အမေရိကန် အပါအဝင် ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးတွေက မြန်မာပြည်သူလူထုတွေအတွက် ဆုတောင်းမေတ္တာ ပို့ထားပါတယ်။

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ မြန်မာပြည်သူတွေ ကောင်းခြင်းမင်္ဂလာတွေနဲ့ ပြည့်စုံပါစေကြောင်း အမေရိကန်ပြည်ထောင်စုကိုယ်စား နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေ ဘလင်ကန်က ပြောကြားတဲ့အကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာပြည်သူတွေဟာ စဉ်းစားတွေးထင်ဖို့ မဖြစ်နိုင်လောက်တဲ့ ဒုက္ခသုက္ခတွေ ရင်ဆိုင်အံတုခဲ့ကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ရာမှာ ထူးချွန်ပြောင်မြောက်တဲ့ သူရသတ္တိနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို ပြသခဲ့ကြတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည်သူတွေနဲ့ အတူတကွ ဆက်လက်ရပ်တည်မှာဖြစ်ပြီး အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်အဖွဲ့ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့ ဆက်လက် ဆောင်ရွက်သွားမယ်၊ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ဖို့နဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ရရှိဖို့ အကူအညီပေးရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာရှိတယ်လို့ ဆိုပါတယ်။

အလားတူ ကနေဒါသံရုံးကလည်း မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခံမှုနဲ့ ပိုမိုငြိမ်းချမ်းပြီး သာယာဝပြောတဲ့ နှစ်သစ်အပေါ် မျှော်လင့်ချက်တွေကို ကနေဒါသံရုံးက ဂုဏ်ပြု အသိအမှတ်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုနှစ်သစ် အခါသမယဟာ ထိခိုက်ခံစားနေရသူတွေအတွက် စိတ်သက်သာစရာ အခိုက်အတန့်တွေ ယူဆောင်ပေးလာနိုင်ဖို့ မျှော်လင့်တယ်၊ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ အနာဂတ်အတွက် လုပ်ဆောင်နေသူ အားလုံးရဲ့ ရည်မှန်းချက်တွေကို ကနေဒါနိုင်ငံက ဆက်လက်ကူညီ ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

ဒိန်းမတ်နိုင်ငံအနေနဲ့လည်း သင်္ကြန်ကာလနဲ့ နှစ်သစ်ကူးမှာ မြန်မာပြည်သူပြည်သားတွေ အားလုံးအတွက် ဒိန်းမတ်သံရုံး အကြီးအကဲ မစ္စတာ အင်န်ဒါးစ် ‌ဂေါင်ဂေါက ဆုတောင်းမေတ္တာ ပို့သလိုက်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေး အခြေအနေကြောင့် လွန်ခဲ့တဲ့နှစ်တွေက မြန်မာပြည်သူ ပြည်သားတွေဟာ ဒီလို အရေးကြီးတဲ့ ပျော်ရွှင်စရာ ပွဲတော်ကို မဆင်နွှဲနိုင်ခဲ့ကြပါဘူး၊ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ကြုံတွေ့နေရပေမဲ့ လာမယ့် နှစ်သစ်မှာတော့ မြန်မာပြည်သူပြည်သားတွေ အားလုံး ကျန်းမာချမ်းသာ၊ ငြိမ်းချမ်းကြပြီး ဒီမိုကရေစီ နိုင်ငံတော်ကို ပြန်လည်ရရှိကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်တယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

15 mins Ago

November 2, 2021

ထန်တလန်မြို့ကို မြန်မာစစ်တပ်က ပစ်ခတ်မီးရှို့မှု ဒိန်းမတ်သံရုံး အပြင်းအထန် ရှုတ်ချကန့်ကွက်

မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဒဏ်ကြောင့်  ချင်းပြည်နယ် ထန်တလန်မြို့မှာ နေအိမ်တွေနဲ့ ဘုရားကျောင်းတွေ မီးစွဲလောင် ပျက်စီးခဲ့ရတဲ့အတွက်  များစွာ စိုးရိမ်တုန်လှုပ်မိကြောင်း  မြန်မာနိုင်ငံရှိ ဒိန်းမတ်သံရုံးက  ဒီနေ့ ထုတ်ပြန်ပါတယ်။ 

ဘာသာရေး အဆောက်အဦတွေ အပါအဝင် အရပ်ဘက် ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်တဲ့ ဘယ်လို တိုက်ခိုက်မှုမျိုးကိုမဆို အပြင်းအထန် ရှုတ်ချကန့်ကွက်တယ်လို့လည်းဆိုပါတယ်။

အောက်တိုဘာ ၂၉ ရက်မှာ မြန်မာစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးဒဏ်ကြောင့် ထန်တလန်မြို့ရှိ ဘုရားရှိခိုးကျောင်း ၂ ကျောင်းနဲ့  မိမိတို့ လုပ်ဖော်ကိုင်ဖက် Save the Children အဖွဲ့ရဲ့ ရုံးခန်း အပါအဝင် အိမ်ခြေ ၁၀၀ ကျော် မီးစွဲလောင် ပျက်စီးခဲ့ရတယ်လို့ သတင်းတွေကြား သိရတယ်လို့ဆိုပါတယ်။

လူ့အသက်ကယ်ဆယ်ဖို့လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအပါအဝင် တခြားသော လူမှုအထောက်အကူတွေအားလုံးနဲ့ လူသားချင်း စာနာမှု အထောက်အကူ ရရှိပိုင်ခွင့်တွေကို အမြန်ဆုံး ခွင့်ပြုဖို့လည်း ဒိန်းမတ်သံရုံးက တိုက်တွန်းပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့  ထန်တလန်မြို့မှာ ပစ်ခတ် မီးရှို့ခဲ့တာကိုဝန်ခံခြင်းမရှိဘဲ PDF တွေမီးရှို့တာလို့ တုံ့ပြန်စွပ်စွဲထားပါတယ်။ 

ချင်းပြည်နယ်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်လာတဲ့ ဇွန်လမှ စတင်ကာ ထန်တလန် မြို့နေပြည်သူ ၁၀,၀၀၀ ကျော်ဟာ မြို့ကို စွန့်ခွာကာ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ကျေးရွာတွေနဲ့ အိန္ဒိယနိုင်ငံ  မီဇိုရမ် ပြည်နည်သို့ သွားရောက်ခိုလှုံနေကြရတာဖြစ်ပါတယ်။

5 months Ago
Up