close

ဒိုမီနီကန်နိုင်ငံ

close

June 7, 2022

ဒိုမီနီကန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ပစ်သတ်ခံရ

ဒိုမီနီကန်သမ္မတနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး အော်လန်ဒို ဂျော့ဂ်ျမီရာဟာ ဇွန် ၆ ရက်က သူ့ရဲ့ရုံးမှာ ပစ်သတ်ခံခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မစ်ဂွယ်လ်ခရုဇ် အမည်ရှိတဲ့ သံသယရှိသူကိုလည်း ဖမ်းဆီးထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဟိုမီရို ဖှီဂွ့ရိုဝါက မနေ့မွန်းလွဲပိုင်းက တွစ်တာမှာ တင်ထားတဲ့ ဗွီဒီယိုထဲမှာ ပြောကြားခဲ့တာပါ။ 

သံသယရှိသူ ခရုဇ်ဟာ ကွယ်လွန်သူ ဝန်ကြီးရဲ့ ငယ်သူငယ်ချင်း ဖြစ်ကြောင်း  ဖှီဂွာရိုဝါက ပြောကြားခဲ့ပြီး ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူကို နိုင်ငံတော် ရဲတပ်ဖွဲ့နဲ့ ပြည်သူ့၀န်ကြီးဌာနရဲ့ ချုပ်နှောင်မှုအောက်မှာ ထားရှိကြောင်းနဲ့ အကြောင်းရင်းတွေကို အချိန်နဲ့တပြေးညီ စုံစမ်းစစ်ဆေးနေပြီး အချက်အလက်တွေကို ဆက်လက် မျှဝေပေးသွားမယ်လို့ ပြောပါတယ်။

ခုဖြစ်ရပ်မှာ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။  ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သယံဇာတဝန်ကြီးဌာန အဆောက်အဦအတွင်းမှ သေနတ်သံ ၇ ချက်ထက်မနည်း ကြားခဲ့ရကြောင်း ဌာနဝန်ထမ်းတွေက သတင်းထောက်တွေကို ပြောပါတယ်။ 

ရဲတပ်ဖွဲ့ဝင်တွေဟာ အချိန်တိုအတွင်းမှာပဲ အခင်းဖြစ်ပွားရာကို ရောက်ရှိလာခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ သမ္မတနဲ့ အစိုးရအဖွဲ့တို့ဟာ ဝန်ကြီးရဲ့ မိသားစုဆီ ရောက်ရှိနေပြီလို့ ဖှီဂွာရိုဝါက ပြောကြားပါတယ်။

အသက် ၅၅ နှစ်အရွယ် ရှေ့နေ Mera ဟာ ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ရာထူးရခဲ့တဲ့ သမ္မတဟောင်း Salvador Jorge Blanco ရဲ့ သားလည်း ဖြစ်ပါတယ်။ သူ့ဇနီး Patricia Selma Villegas နဲ့ ကလေးနှစ်ယောက်တို့ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့သား Orlando Jorge Villegas ဟာ ဗဟိုဥပဒေပြုလွှတ်တော်အမတ်ဖြစ်ပြီး ခေတ်သစ်တော်လှန်ရေးပါတီရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ 

9 mins Ago

December 16, 2021

ဒိုမီနီကန်နိုင်ငံတွင် လေယာဉ် ပျက်ကျ၊ ပွါတိုရီကန်တေးဂီတထုတ်လုပ်သူအပါအဝင် ၉ ဦးသေဆုံး

ဒိုမီနီကန်သမ္မတနိုင်ငံ ဆန်တိုဒိုမင်ဂိုမြို့ အပြင်ဘက်မှာ ဒီဇင်ဘာ ၁၅ ရက်က ကိုယ်ပိုင်ဂျက်လေယာဉ်တစင်း ပျက်ကျခဲ့ရာမှာ ပွါတိုရီကန် တေးဂီတထုတ်လုပ်သူ Flow La Movie အပါအဝင် လေယာဉ်ပေါ်ပါ လူကိုးဦးလုံး သေဆုံးခဲ့တယ်လို့ လေကြောင်းလိုင်းနဲ့ ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 

Las Americas လေဆိပ်မှာ ပျက်ကျခဲ့တဲ့ Gulfstream GIVSP လေယာဉ်ဟာ လေယာဉ်အမှုထမ်း နှစ်ဦး၊ ခရီးသည် ခုနစ်ဦးတို့နဲ့အတူ မိုင်ယာမီကို ထွက်ခွာသွားခဲ့တာလို့ လေယာဉ်ကုမ္ပဏီ Helidosa Aviation Group က ပြောပါတယ်။

မတော်တဆမှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို ကုမ္ပဏီက ဖော်ထုတ်ပြောဆိုခြင်းမရှဘဲ Helidosa အတွက် ဒီမတော်တဆမှုက ကြီးစွာသော နာကျင်မှုနဲ့ ဝမ်းနည်းမှုကို ဖြစ်စေပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒိုမီနီကန်သတင်းစာ Listin Diario နဲ့ ဂီတမဂ္ဂဇင်း Billboard အရ Helidosa စာရင်းဝင် ခရီးသည်တွေထဲမှာ နာမည်ကျော် Flow La Movie တေးဂီတကို ဖန်တီးခဲ့တဲ့ အနုပညာရှင် Jose Angel Hernandez နဲ့ သူ့ဇနီး Debbie Von Marie Jimenez Garcia တို့လည်း ပါဝင်သွားတယ်လို့ ဆိုပါတယ်။ 

ဒီလေယာဉ်ပျက်ကျမှုထဲမှာ သူတို့ရဲ့သားဖြစ်သူ Jayden Hernandez လည်း သေဆုံးသွားတယ်လို့ Listin Diario နဲ့  Billboard  တို့က ပြောထားပါတယ်။ 

6 months Ago
Up