စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရေဦး-ညောင်ပင်သာ ကားလမ်းဘေးရှိ ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်အင်အား ၃၀ လောက် ဇန်နဝါရီ ၂၈ ရက် မနက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်ပြီး နေအိမ် ၆ လုံးနဲ့ မူးမြစ်ကူးတံတားငယ်တစင်းကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒါ ဒုတိယကြိမ်ဗျ။ ပထမတခါလည်း မီးရှို့သွားလို့ ပြန်ပြင်ထားရတယ်။ ဒါကိုပဲ အပြန်မှာ တောသွားတဲ့ အမျိုးသမီး လေးယောက်ဆီက ဖုန်း ၄ လုံးနဲ့ ငွေသားတွေ ဓားပြတိုက်သွားသေးတယ်” လို့ KDKတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အခုလို မီးရှို့ဖျက်ဆီးမှုကြောင့် လယ်ယာသုံး ခိုင်းနွားတကောင် မီးလောင်သေဆုံးပြီး အကောင်ရေ ၂၀ ခန့် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့သလို လယ်ယာသုံး ခုတ်စက်တွေနဲ့ ရေစုပ်စက်တွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျေးရွာထဲကနေအိမ်တွေကို ဝင်ရောက်မွှေနှောက်သွားပြီး စျေးဆိုင်တခုက ကျပ်ငွေ ၃ သိန်းကျော်အပါဝင် ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ်မှာ ကျေးရွာပေါင်း ၆၀ က ပြည်သူပိုင်နေအိမ်ပေါင်း ၂၉၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူပေါင်း ၁ သောင်းခွဲလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြာရေးက ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝငိရောက်မီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
အင်အား ၁၅၀ လောက်ရှိ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီပဲယင်း မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို ဇန်နဝါရီ ၂၃ ရက်နေ့က စတင်မီးရှို့ဖျက်ဆီးနေတဲ့အတွက် ကျေးရွာ ၁၅ ရွာလောက်က ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အစားအစာနဲ့ဆေးဝါး အကူအညီလိုအပ်နေတယ်လို့ ဒေသခံစစ်ဘေးရှောင်တဦးက ပြောပါတယ်။
"ဇန်နဝါရီ ၂၃ရက်နေ့က စပြီး အုန်းတပင် ရွာအပါအဝင် ကျေးရွာ ငါးရွာကို မီးရှို့တယ်။ အင်အား ၁၅၀ လောက်က အုပ်စုခွဲပြီးရှို့တာ။ အနီးနားက ရွာကလူတွေလည်း ရွာကိုစွန့်ပြီး ထွက်ပြေးကြတာ အားလုံး ၁၅ ရွာလေါက်ရှိတယ်။ အဓိက လိုတာကတော့ အစားအစာ နဲ့ ဆေးဝါးပါပဲ။ အဝတ်အထည်နဲ့ စောင် ရရင်လည်း လိုချင်ပါတယ်။"
စစ်ကောင်စီဆပ် စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့အတွက် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက လက်ယက်ကုန်း၊ မူးကတွင်း၊ ညောင်ကြီးကုန်း၊ မဲအိုး၊ သရက်တော၊ ညောင်လှ၊ ဝဲကြီး၊ ကုန်းကြီး၊ သပြေသာ၊ သစ်တုံ၊ မရကန်၊ တနယ်၊ ဆင်ရောက်ကုန်း၊ ပေါက်တော၊ နဘဲလှ စတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူ ၁ သောင်းကျော်ဟာ စစ်ကြောင်း နဲ့ ဝေးရာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ တောတောင်တွေထဲမှာ တိမ်းရှောင်နေကြရတာပါ။
ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီအတွင်း စစ်ကောင်စီစစ်ကြောင်း မီးရှို့ခဲ့တဲ့ ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ပျူစောထီးတွေက စစ်ဘေးရှောင်တွေရဲ့ လယ်တွေ ရိတ်မယ်ဆိုပါက တစ်ဧကကို တစ်သိန်းခွဲ၊ နှစ်သိန်းလောက်အထိ တောင်းယူနေတာကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲကြတော့ဘူးလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
“သူတို့လယ်တွေကို ရိတ်မယ်ဆိုရင်လည်းပဲ ၁ ဧကကို တစ်သိန်း ၂ သိန်းခွဲအဲဒီလိုပေးရမှာ။ အဲဒီလိုမျိုးတွေလုပ်တဲ့အတွက် ပြည်သူတွေက နေရပ်ကိုမပြန်ရဲတော့ဘူး။ ကျနော်တို့မြို့နယ်ထဲက အဆင်ပြေရာ ရွာတွေမှာလည်း အမြဲတမ်းစစ်ဘေးရှောင်အဖြစ်နေကြတယ်ပေါ့။”
ဒီပဲယင်းမြို့နယ်အတွင်းက ညောင်ကိုင်း၊ ရုံးတော၊ ကြောင်ရှာတော၊ မအူပင် စတဲ့ ကျေးရွာတွေမှာ ပျူစောထီးတွေ စိုးမိုးနေကြောင်း၊ သူတို့လက်အောက် မဝင်ရင် သတ်ပစ်တာတွေ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်တာကြောင့် ပြည်သူတွေဟာ နေအိမ်ကိုမပြန်ရဲကြတော့တာလို့ ဆိုပါတယ်။
ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း ရေဦးမြို့နယ်နဲ့ ခင်ဦးမြို့နယ်တွေဘက်က ကျေးရွာတွေမှာလည်း ဇန်နဝါရီ ၁၄ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းပစ်ခတ်ခဲ့တာကြောင့် ကျေးရွာကဒေသခံတွေ နေရပ်ကို မပြန်ရဲတော့ဘူးလို့ ဆိုပါတယ်။
“ပဒေသာ၊ ဝသာ၊ တချို့ရွာတွေကပေါ့ အမြဲတမ်းတော့ ရှောင်နေရတာတော့ မဟုတ်ဘူး၊ ဘယ်လိုပြောမလဲ စစ်ကြောင်းထိုးလိုက် ရှောင်လိုက်ပေါ့။ လေယာဉ်နဲ့ လာပစ်လိုက်ရှောင်လိုက် အဲ့ဒါမျိုးတွေလည်းရှိတယ်။ တခြားမြို့နယ်က ဟာတွေကျတော့ ခင်ဦးတို့၊ ရွှေဘိုတို့မြို့ထဲက ဟာတွေကကျတော့ အမြဲတမ်းစစ်ဘေးရှောင်ဖြစ်သွားပြီ။ သူတို့ကကျတော့ ညောင်ကိုင်းတို့၊ ရုံးတောတို့၊ ကြောင်ရှာတောတို့ ဒီနား မအူပင်တို့ကတော့ အမြဲတမ်းစစ်ဘေးရှောင်တွေဖြစ်သွားပြီ။ သူတို့က ပျူတွေကလည်း အဲ့ရွာမှာ ကြီးစိုးသွားပြီ။ သူတို့လက်အောက်ကို ဝင်ရင်ဝင် မဝင်ရင်သတ်မယ်တို့ အိမ်တွေကို မီးရှို့တာတို့၊ ပြည်သူတွေရဲ့ နေအိမ်ထဲက စပါးတွေ ယူသွားတာတို့၊ ပြီးရင် အဲ့ရွာမှာပြန်နေလို့ရှိရင် သူတို့ဆီမှာ လက်မှတ်ထိုးဝင်ရတာ။” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ ကျေးရွာတွေအတွင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာတွေ၊ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဝင်ရောက်မီးရှို့ဖျက်ဆီး ပစ်ခတ်တာတွေကြောင့် စစ်ဘေးရှောင် သောင်းချီ ရှိနေပြီလို့ သိရပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်နေရာမှာ အချိန်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ အခက်အခဲနဲ့ အဝတ်အစား အခက်အခဲ၊ ဆေးဝါးအခက်အခဲတွေ ဖြစ်ပေါ်လာပြီး အလှူရှင်တွေလည်း ဒီပဲယင်းစစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရတယ်ဆိုတော့ အဝတ်အစားလိုအပ်တယ်၊ စားနပ်ရိက္ခာတွေ လိုအပ်ပါတယ်။ ဆန်လို ဟာမျိုးကျတော့ အဆင်ပြေသလို ထောက်ပံ့ကြတယ်။ ရက်ကြာလာတဲ့ အခါကျတော့ ဟင်းချက်စရာတို့၊ အဝတ်အစားတို့ ဆေးဝါးတို့ တော်တော်လေး လိုအပ်တယ်ဗျ ကျနော်တို့လည်း ရှိတာလေးနဲ့ကူညီရတာဆိုတော့ ကြာတော့ အဆင်မပြေဖြစ်လာတာပေါ့။ အမြဲတမ်းစစ်ဘေးရှောင်က ကျနော်တို့မြို့နယ်ထဲ ၅၀၀ လောက် အားလုံးပေါင်း ၁ ထောင်ကျော်ရှိတယ်ဗျ။ အဖွဲ့က ကျနော်တို့ လက်ရှိကူညီနေတာကိုပြောတာနော်” လို့ ပြောပါတယ်။
ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာမှာ စစ်ကောင်စီက နိုဝင်ဘာ ၂၇ ရက်နေ့က လေကြောင်းက ရဟတ်ယာဉ် ၅ စီးနဲ့ ထိုးစစ်ဆင်တာကြောင့် ဒေသခံ ၁၈ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်မှာ လူငယ် ၇ ဦးအသတ်ခံခဲ့ရသလို ဒီဇင်ဘာ ၆ ရက်နေ့ကလည်း စစ်ကောာင်စီတွေ လာနိုင်တဲ့ ကျေးရွာလမ်းကြောင်းတွေမှာ မိုင်းလာထောင်စဉ် ပေါက်ကွဲမှုဖြစ်ပြီး PDFအဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။