စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း ညောင်လှရွာကို စက်တင်ဘာ ၁၆ ရက် နေ့ခင်း ၁ နာရီကျော်က လေယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ညောင်လှဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ လေယာဥ် ၄ စီးနဲ့ လာရောက်ပစ်ခတ်တာလို့ ဆိုပါတယ်။
ညောင်လှဒေသခံတယောက်က “မြေပြင်မှာ တိုက်ပွဲလည်းမရှိဘဲနဲ့ကို M35 နှစ်စီးနဲ့ ပစ်တယ်။ ကျန် ဂျက်လေယာဉ်နှစ်စီးက မြေပြင်ကို စစ်သားတွေချတယ်။ စစ်သားအင်အားက များမယ်ဗျ၊ နှစ်ကြိမ်လာချတယ်။ ေလယာဥ် ၂ စီးနဲ့ ၂ ခါချတာဆိုေတာ့ စုစုပေါင်း ၄ ကြိမ်ပေါ့။ ရွာသားတွေကတော့ ခြေဦးတည့်ရာ ပြေးနေရတယ်။ သူတို့ပစ်တာက ညောင်လှတရွာတည်း မဟုတ်ဘူးဗျ။ တခြား ညောင်လှရွာနဲ့ အနီးဆုံးရွာတွေပါ ပစ်နေတာ။ အခုအချိန်အထိ ပစ်နေဆဲပါပဲ။ အခု သူတို့ပစ်လို့ ၁၂ နှစ်အရွယ် ကလေးငယ်တဦး ဦးခေါင်းမှန်ပြီး သေဆုံးတာတော့ ရှိတယ်။ ဘယ်ရွာကဆိုတာကတော့ အတည်ပြုမရသေးဘူးဗျ။ သူတို့ပစ်တာက မူခတွင်းရွာ၊ မဲအိုးရွာ၊ မူးသာကုန်းရွာဘက်ကနေ ကျနော်တို့ ညောင်လှဘက်ကို ပစ်ခတ်တာ” လို့ ပြောပါတယ်။
အဆိုပါ ညောင်လှရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်တာဟာ လက်ရှိအကြိမ်နဲ့ဆိုရင် ၃ ကြိမ်မြောက် ပစ်ခတ်တာဖြစ်ပြီး ပထမအကြိမ်က အပြစ်မဲ့ရွာသားတယောက် သေဆုံးခဲ့ပါတယ်။
ဒုတိယအကြိမ် အပစ်ခံရစဉ်က အထိအခိုက် မရှိခဲ့ပေမဲ့ လက်ရှိ တတိယအကြိမ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေပါ အသုံးပြု တိုက်ခိုက်တာကြောင့် အထိအခိုက်တွေ ရှိနိုင်ပြီး လက်ရှိအချိန်ထိ ပစ်ခတ်နေဆဲမို့ မြေပြင်သတင်း အတိအကျ ရယူဖို့ရာ မဖြစ်နိုင်သေးဘူးလို့လည်း ညောင်လှဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၈ ရက်မှာ ဝင်ရောက်ပြီး အကြမ်းဖက်မီးရှို့တာကြောင့် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အနီးပတ်ဝန်းကျင် ကျေးရွာနေ ပြည်သူတွေကိုလည်း အသံချဲ့စက်နဲ့ ဆဲဆိုကာ စိန်ခေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်
မူးခမ်းဒေသခံတဦးက “စိန်ခေါ်တာကတော့ ယုတ်ယုတ်မာမာပါပဲ။ အသံချဲ့စက်ကြီးနဲ့ အော်ပြီး မအေ(--)တွေ၊ မင်းတို့ ငါတို့ကို လာပစ်လှည့်ကြ။ မင်းတို့လာမပစ်ရင် မင်းတို့ ဒီပဲယင်းမြို့နယ်ထဲက ရွာတွေ အကုန်မီးရှို့ပစ်မယ်၊ အဲလိုတွေ အော်တယ်။ ဒေသခံတွေကတော့ ရှောင်နေရတာပေါ့ဗျာ။ ဒီကောင်တွေက အစိုးရတဲ့ကောင်တွေမှ မဟုတ်တာ။ အချိန်ပြည့် မူးကန်းနေကြတဲ့ ကောင်တွေဆိုတော့ သူတို့ မထင်တိုင်း လက်နက်ကြီးတွေနဲ့ နေရာစုံကို ပစ်ခတ်နေကြတာ” လို့ ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ဟာ မူးကမ်းရွာထဲ တပ်စွဲနေထိုင်ကာ ကျေးရွာအတွင်းက နေအိမ်တွေကို ဩဂုတ် ၈ ရက်နဲ့ ၉ ရက်က တနေကုန် မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်က ပြုလုပ်နေတာကြောင့် အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ မူးကမ်းကြီး ဒေသခံတွေနဲ့ အဲဒီကျေးရွာအနီးပတ်လည်က ကြောင်ရှာတော၊ ဆူးတပ်၊ မိချောင်းအိုင် စတဲ့ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်တပ်ဟာ လက်လှုပ်ရွာကနေ စစ်ကြောင်း ၄ ကြောင်းခွဲပြီး မူးကမ်းရွာကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။
ကလေးမြို့နယ်မှာလည်း ဩဂုတ် ၈ ရက်က ကလေးနည်းပညာတက္ကသိုလ် ကျောင်းကနေ ကျွန်းတောရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကလေး PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF ရဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိနိုင်ပေမဲ့ အရေအတွက်ကိုတော့ အတည်မပြုနိုင်တဲ့အကြောင်းနဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
PDF ရဲဘော် ကိုနေ့သစ်က “GTC ဘက်ကနေ စစ်ကြောင်းထိုးလာတာ၊ အသင့်စောင့်ဆိုင်း ကြားဖြတ်တိုက်ခိုက်ခဲ့တာ၊ တိုက်ပွဲကတော့ နာရီဝက်လောက်ပါပဲ၊ ဒါပေမဲ့ သူတို့ဘက်က ထိခိုက်ကျဆုံးမှု ရှိနိုင်တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး” လို့ ပြောပါတယ်။
ဩဂုတ် ၅ ရက်ကလည်း ကမ်းပါးနီစစ်ဆေးရေးဂိတ်က ထွက်လာတဲ့ စစ်ကားတစီးကို မြောင်းချောင်းတံတားအနီးမှာ ကလေး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း ကျဆုံးခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။
ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ကာ ပြည်သူလူထု နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။