close

ဒီပဲယင်း

close

April 5, 2023

စစ်တပ်မီးရှို့ခံရသည့် ဒီပဲယင်းဒေသခံများနှင့် တနင်္သာရီတိုင်းက စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်တပ်မီးရှို့ခံရတဲ့ စစ်ဘေးသင့် အိမ်ထောင်စုပေါင်း ၁၅၇ စုအတွက် S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဧပြီ ၃ ရက်မှာ ပြည်တွင်း ပြည်ပ စုပေါင်းကူညီမှုနဲ့ ဆန်၊ ဆီ ဆားတွေ လှူဒါန်းခဲ့ပါတယ်။

S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး တာဝန်ခံ ကိုစိုးမိုးအောင်က “မီးဘေး စစ်ဘေးသင့် ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဆေးဝါးပစ္စည်းတွေနဲ့ ကလေးတွေ အတွက်လည်း ပညာရေးအထောက်အကူပစ္စည်းတွေ လိုအပ်နေတုန်းပဲ။ ပြီးတော့ အဓိက လိုအပ်တဲ့ ရေတွင်းရေကန်တွေအတွက်လည်း ကျနော် တတ်နိုင်သလောက် စတင် လုပ်ဆောင်နေပါပြီ။ ဒီလထဲမှာပဲ ရေတွင်းတွေရယ်၊ ကျောင်းဆောင်တွေတချို့ ဖွင့်ဖို့ရှိတယ်။ ဒါပေမဲ့ ကျောင်းကတော့ မဖွင့်နိုင်သေးဘူး။ ဒီလထဲမှာလည်း အိမ်ထောင်စု ၅,၀၀၀ အတွက် ဆန် ဆီ ဆား ဝေမျှနိုင်အောင် လုပ်ဖို့ ပြင်ဆင်ထားတယ်” လို့ ပြောပါတယ်။

S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီနေ့အချိန်ထိ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ မြို့နယ် ၅ မြို့နယ်နဲ့ ကျေးရွာ ၂၁ ရွာက အိမ်​ထောင်စုပေါင်း ၅၀၇ စုအတွက် စားနပ်ရိက္ခာတွေ ပေးအပ်လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ တလတာအတွင်း NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက စာရင်းပြုစု ထုတ်ပြန်ချက်အရ တိုင်းနဲ့ပြည်နယ်အနှံ့ မီးရှို့ဖျက်ဆီးခံရမှုတွေမှာ စစ်ကိုင်းတိုင်းက အကြိမ်ရေ ၅၀ နဲ့ အများဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ နေအိမ်ပေါင်း ၃,၁၀၇ လုံးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာလည်း မြိတ်-မောတောင်လမ်းတလျှောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့  တိုက်ပွဲတွေကြောင့် ကျေးရွာတချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တနင်္သာရီမြို့နယ်ထဲရှိ ရေဖြူ၊ ထုံခါ၊ သဲဖြူနဲ့ သိန်ခွန်းရွာတို့က ဒေသခံပြည်သူ ၅,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကူညီပေးသူတွေထံက သိရပါတယ်။

“အစက ကြိမ်ချောင်းရွာထဲမှာ နေကြပေမဲ့ လက်ရှိမှာတော့ ရွာခံတွေရော၊ IDP တွေက စစ်ရှောင်တွေပါ နေရာရွှေ့ကုန်ကြပြီ။ အရန်ရိက္ခာထဲက ထုတ်ပေးလိုက်တာ ပြန်ဖြည့်ဖို့ လိုနေတာ။ လက်ရှိအနေအထားအရ IDP တွေ အိမ်ပြန်ဖို့မရှိသေးတော့ ရိက္ခာထပ်ပေးရမယ့် အနေအထားမို့ ရိက္ခာပဲ အရေးတကြီး လိုအပ်နေတယ်” လို့ ကူညီပေးသူတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက “စစ်ရေးအရှိန် ပိုမြင့်လာဖို့ ခန့်မှန်းထားကြတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ အရေးပေါ်လိုအပ်တာက စားနပ်ရိက္ခာပါ” လို့  ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်း မြိတ်-မောတောင်လမ်းပိုင်းတလျှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ကနေ ဧပြီ ၃ ရက်နေ့အထိ စစ်‌ေကာင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

13 hours Ago

April 2, 2023

ဒီပဲယင်းမြို့နယ် ကြည်ရွာအနီးတိုက်ပွဲဆက်ဖြစ်၊ ပုလဲမြို့နယ်တိုက်ပွဲ စစ်တပ်က ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနဲ့ ဘုရားထွက်ရွာနားမှာ ဧပြီ ၂ ရက် မနက် ၁၀ နာရီ လောက်က စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေရာမှာပဲ  ဧပြီ ၁ ရက် ညနေ ၅ ကျော်က တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်တပ်က လေကြောင်း ကနေ ပစ်ခတ်ခဲ့တာပါ။

ဒီနေ့ ဖြစ်တဲ့ တိုက်ပွဲကတော့ စစ်တပ်က  မြေတူးစက်(ဘူဒိုဇာ)နဲ့ ဒီပဲယင်းမြို့နယ်ထဲက လမ်း တချို့ကို ဖျက်ဆီးခဲ့လို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တာလို့ ကြည်ရွာသား တဦးက ဆိုပေမဲ့ ဗိုလ်စကားပြောက်ကျားတပ်ဖွဲရဲ့ တာဝန်ရှိသူ ‌ထွေးညိုကတော့  PDF ရဲဘော်တွေ ကယ်ထုတ်ဖို့ တိုက်ပွဲဖြစ်တာလို့ ပြောပါတယ်။

“တိုက်ပွဲက ၉ နာရီ ၄၅ မိနစ်က စဖြစ်တယ်။ ၁၀ နာရီကျော်တော့ နမခကနေ MI 35 နဲ့ လာပစ်တယ်။ ပိတ်မိနေတဲ့ ရဲဘော်တွေကို ကယ်ထုတ်နိုင်ခဲ့တယ်။ သူတို့ဘက်ကတော့ အထိခိုက်အကျဆုံး မသိရသေးဘူး။ ကျနော်တို့ ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး” 

အခုရောက်နေတဲ့ စစ်တပ်နဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ထားပြီး စစ်တပ်က ၃၀ လောက် သေဆုံးခဲ့သလို ကာကွယ်ရေးတပ်ကလည်း ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး ခေါင်းဆောင် တချို့က ပြောပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာတော့  မင်းတိုင်ပင်ရွာနားမှာ  ဧပြီ ၂ ရက် ဒီနေ့ မွန်းလွဲ ၂ နာရီက တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ဒေသခံ ပုလဲဗိုလ်ဠုန်အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“သူတို့ တက်လာမယ်ဆိုတာ သိလို့ မင်းတိုင်ပင်ရွာထဲကနေ ကြိုစောင့်ပြီး ပစ်ခဲ့တာ။ သူတို့ ဘက်က ၂ ယောက် ကျတယ်။ ကျနော်တို့ဘက်က ကျည်အင်အားနည်းတာကြောင့် နောက်ဆုတ်ပေးလိုက် ရတယ်”

တိုက်ပွဲကို ပုလဲဗိုလ်ဂဠုန်အဖွဲ့နဲ့ သခင်ဒေါင်းညိုအဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါစစ်ကြောင်းဟာ မင်းတိုင်ပင်ကနေ နှောကန်ရွာဘက်ကို ဆိုင်ကယ်တွေစီးပြီး ထပ်မံစစ် ကြောင်းထိုးရာမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထပ်မံ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ဒေါင်းနက်အဖွဲ့ခေါင်းဆောင်ရဲဘော် ကိုပေက “တိုက်ပွဲဖြစ်တာက နှောကန်ရွာနားက ဆီဆိုင်မှာ ဖြစ်တာ။ ပထမက သူတို့ အရပ်သားဝတ်စုံတွေ ဝတ်ပြီး ဆိုင်ကယ်တွေနဲ့ မောင်းလာတယ်။ အဲဒီလို မောင်းလာတဲ့ အရှေ့ဆုံးက ထွက်လာတဲ့ နှစ်ကောင်ကို  အသေပစ်နိုင်ခဲ့တယ်။ စစ်တပ်က ပြန်ပစ်လို့ ရဲဘော် တဦး ကျည်ထိ မှန်ခဲ့တယ်”လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ဒေါင်းနက်ပြည်သူကာကွယ်ရေးအဖွဲ့နဲ့ ဘကဖ‌လိုခေါ်တဲ့ ကျောင်းသား တပ်မတော်တို့ ပူးပေါင်းပစ်ခတ်ခဲတာလို့လည်း ဆိုပါတယ်။ 

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို ထိခိုက်ကျဆုံး အရေအတွက်ကိုလည်း သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

4 days Ago

ဒီပဲယင်းမြို့နယ်၌ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း ကြည်ရွာနဲ့ ဘုရားထွက်ရွာတွေကို စစ်ကောင်စီတပ်က ဧပြီ ၁ ရက် ညနေ ၅ ကျော်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်မှာ နမခစစ်တပ်ကနေ လာရောက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဒေသခံအမျိုး သမီးတယောက်က  “ကျမတို့ ဒီပဲယင်းမှာ စစ်ကြောင်းထိုးနေတာ ၅ ရက်လောက်ရှိပြီ။ ဘုတလင်မြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းရှင့်။ ဘာကြောင့်အခုလို ပစ်ရတာလဲဆိုတော့ မတ်လ ၃၁ ရက်နေ့မှာ ကျမတို့ ဒီပဲယင်းမြို့နယ်၊ မကျည်းကောက်ရွာမှာ ဒေသခံတွေ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာတွေရှိခဲ့တယ်။ ဒီနေ့လည်း ကြည်၊ ဘုရားထွက်ရွာအနီးမှာ တိုက်ပွဲထပ်ဖြစ်ပြီး သိပ်မကြာဘူး နမခကနေ လေယာဉ် ၂ စီး နဲ့ လာပစ်တယ်။ ဒေသခံတွေကတော့ အကုန်ထွက်ပြေးနေရတယ်”လို့ ပြောပါတယ်။

မတ်လ ၃၁ ရက်နဲ့ ဧပြီ ၁ ရက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘယ်က အယောက် ၃၀ ကျော်သေပြီး PDF ရဲဘော် ၂ ယောက် ကျဆုံးသွားတယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲဝင်တစ်ဦးက “တိုက်ပွဲဖြစ်တာ ၂ရက်ရှိသွားပြီဗျ။ မနေ့ကတိုက်ပွဲက စစ်သား  ၁၀ ကောင်ထက်မနည်းကျဆုံးတယ်။ ဒီနေ့လည်း စစ်သား ၂၀‌ ထက်မနည်းကျ ဆုံးတယ်ဗျ။ နောက်လေကြောင်း အသုံးပြုလာတိုက်တယ်။ MI 35 က အပေါ်ကနေ ဝဲပြီးပစ်ပေးတယ်။ နောက်ဗိုက်ဖောင်းလို့ခေါ်တဲ့ ဂျက်လေယာဉ်က စစ်သားတွေ မြေပြင်ချပြီး မြေပြင်ကအလောင်းတွေကို နမခပြန်သယ်သွားကျတယ်။ နှစ်ရက်တာ တိုက်ပွဲမှာ ကျနော်တို့ ကာကွယ်ရေးတွေဘက်က ရဲဘော်၂ ဦးတော့ ကျဆုံးတယ်”လို့  ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေကို တိုက်ခိုက်ရာမှာ မြေပြင်စစ်ကြောင်းအတိုင်း ယှဉ်မတိုက်နိုင်လို့  လေယာဉ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြု အခုလိုတိုက်ခိုက်လာတာဖြစ်ပါတယ်။

NUG အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ခုခံနိုင်ဖို့ လက်နက်တွေ မြေပြင်အဖွဲ့တွေကို အမြန်ဆုံးပေးအပ်ဖို့ အရေးပေါ်လိုအပ်နေပြီလို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက တိုက်တွန်းနေကြပါတယ်။

4 days Ago
Up