စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒီပဲယင်း PDF တို့ မတ်လ ၄ ရက် မနက် ၅ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၈ ဦး ကျဆုံးသွားပါတယ်။
ဒီပဲယင်းဂဠုန်တပ်တာဝန်ရှိသူတစ်ဦးက "စစ်ကောင်စီတပ်နဲ့ ကျနော်တို့ ဒီပဲယင်း PDFနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျနော်တို့ PDF ရှိတဲ့စခန်းကို ဝင်ရောက်စီးနင်းခဲ့တယ်။ ကျနော်တို့ လူတွေစုနေတဲ့အချိန်မှာ စခန်းအနောက်ကနေ ဝင်ရောက်စီးခံတာ ခံရတယ်။ အဲဒီမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တယ်။ ကျနော်တို့ဘက်က ၈ ဦး ကျဆုံးသွားတယ် ။ စခန်းလည်း မီးရှို့သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၃၃ မြို့နယ်ကို အင်တာနတ်ဖြတ်တောက် သတင်းအမှောင်ချထားပြီး PDFနယ်မြေစိုးမိုးတဲ့နေရာတွေကို အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်မနားရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက် တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက် ထိခိုက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက် ည ၁၀ နာရီခွဲလောက်က တစ်ကြိမ်၊ ဖေဖော်ဝါရီ ၄ ရက် မနက်ခင်းမှာတစ်ကြိမ် စုစုပေါင်း တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
Kani PDF-1ရဲ့ တာဝန်ရှိသူက “တိုက်ပွဲက ထိပ်တိုက်ဖြစ်ပွားတဲ့တိုက်ပွဲ။ နှစ်ဘက် အကျအဆုံးတော့ရှိတယ်။ သူတို့ဘက်က ၃၀ လောက်ကျဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ သတင်းအတိအကျ ရထားတယ်။ ကျနော်တို့ဘက်က ၃ ယောက် ကျဆုံးတယ်။ ၁၀ ယောက် ထိခိုက်ဒဏ်ရာရတာတွေတော့ ရှိတယ်ဗျ။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူး”လို့ ပြောပါတယ်။
ဝင်မနားရဲစခန်းမှာ စစ်ကောင်စီတပ်တွေကို ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့ KPDF-1၊M&K The Boys၊ ဒီပဲယင်း PDF ၊ ကနီ PDF ၊ ရွှေတြိဂံတပ်ရင်း၊ ဒေသတွင်းမဟာမိတ်ညီနောင်များ၊ မဟာမိတ်ညီနောင် EAO များ၊ ဒေသခံ ပ.က.ဖအဖွဲ့များ နဲ့ MDFအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒေသခံတွေကတော့ အခုလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်တော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။