close

ဒီဗွီဘီမေးမြန်းချက်

close

January 17, 2023

နှစ်သစ်ဆုံးဖြတ်ချက် ရည်မှန်းချက်တွေ ဘာကြောင့်မေ့လျော့ ပျောက်ကွယ်သွားတတ်ကြတာလဲ- ကုသရေး စိတ်ပညာ ပါရဂူတန်း- မဖြူပန်းနုခင်နှင့် ဒီဗွီဘီမေးမြန်းချက် 

နှစ်ဟောင်းကနေ ကူးပြောင်းပြီး နှစ်သစ်တခုကိုရောက်လာတဲ့အခါ လူတွေမှာ ပိုပြီးကောင်းစေချင်တာတွေ၊ ပိုပြီးမျှော်လင့်ချင်တာတွေ၊ ရည်မှန်းချက်အသစ်လေးတွေ ပြုပြင်ပြောင်းလဲစရာလေးတွေ ချမှတ်လေ့ရှိကြပါတယ်။ New Year’s Resolutions လို့လည်း ပြောကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ကိုယ်မွေးနေ့မှာ သို့မဟုတ် သင်္ကြန်ပြီး နှစ်ဆန်းတရက် ဒါမှမဟုတ် ခရစ္စမတ်အပြီး ဒီဇင်ဘာ ၃၁ ကျော်ပြီဆိုရင် အဲလိုဆုံးဖြတ်ကြပါတယ်။ နှစ်သစ်တခုကူးလာပြီဆိုရင် ပိုပြီးကောင်းချင်တာတွေ မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ ပြုပြင်ပြောင်းလဲချင်တာတွေ ဆုံးဖြတ်ကြပေမဲ့ စစ်တမ်းတွေအရ အဲဒီဆုံးဖြတ်ချက်တွေ တဝက်ကျော်ဟာ တကယ်ဖြစ်မလာကြဘူးလို့ပြောကြပါတယ်။​ အဲဒီတော့ စိတ်ဝင်စားဖို့ကောင်းတာတွေ ဘာတွေရှိမလဲ စိတ်ပညာရှုဒေါင့်ကနေဆိုရင် ဘယ်လိုသုံးသပ်နိုင်မလဲ အကြံပြုနိုင်မလဲ။   အမေရိကန်ပြည်ထောင်စု၊ ဗားမောင့်တက္ကသိုလ်မှာ  ကုသရေးဆိုင်ရာစိတ်ပညာ  ပါရဂူတန်းတက်နေတဲ့ ဆရာမ ဖြူပန်းနုခင်ကို ဆက်သွယ် မေးမြန်းတင်ဆက်ထားပါတယ်။ 

မေး။ ဆရာမ မင်္ဂလာပါ။​ အဲဒီလိုဖြစ်နေကြတာတွေအပေါ် ဆရာမဘယ်လို အကြံပြုချင်မလဲ ဘယ်လိုသုံးသပ်ချင်မလဲ​။​

ဖြေ-မဖြူပန်းနုခင်။ “ဆရာပြောသလိုပါပဲကျမတို့ ပြုပြင်ပြောင်းလဲဖို့ဆိုတာ ဘယ်အချိန်မဆို ပြောင်းလို့ရပါတယ်။​ မနက်ဖြန် အင်္ဂါနေ့ နေ့လယ် ၁၂ နာရီလည်း စပြောင်းလဲသင့်တာပဲ ကိုယ်ပြောင်းလဲမယ့်အရာတွေကတော့။​ ဒါပေမဲ့ လူ့စိတ်သဘာက ဆရာရယ် သူကပတ်ဝန်းကျင် လွှမ်းမိုးသက်ရောက်မှုက အရေးကြီးတာပေါ့နော်။ အထူးသဖြင့် အချိန်ကာလတွေ အခုနပြောသွားတဲ့ မွေးနေ့အချိန်၊ နှစ်သစ်ကူးကာလ၊ မြန်မာနှစ်သစ်ကူးဖြစ်ဖြစ် ခရစ္စမတ် New Year ကာလဖြစ်ဖြစ်။” 

မေး- တချို့လည်းရှိဦးမှာပေါ့။ မင်္ဂလာဆောင်တဲ့ ၁၀ နှစ်မြောက် နှစ်ပတ်လည်မှာ အရက်သောက်လျော့လိုက်တော့မယ်တို့။​ အရက်ဖြတ်လိုက်တော့မယ်တို့။​

ဖြေ။ “ဟုတ်ပါတယ်။ အရေးကြီးဆုံးကတော့ ဘာကြောင့်ဒီလိုဖြစ်ကြလဲဆို နှစ်သစ်ကူးကာလမှာ လူတွေ့ရဲ့စိတ်ထဲမှာ အင်္ဂလိပ်လိုဆို Fresh Beginning အသစ်ပြန်စခွင့်ပေါ့​။ မိမိဘာသာ အသစ်ပြန်စခွင့်ပေးလိုက်တဲ့ အနေအထားမျိုးပေါ့။​ ဒီလို အချိန် ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုမရှိအောင် ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ဘာသာ စတင်ခွင့်ပေးလိုက်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။​ ဘယ်အချိန်မဆို ငါပြောင်းလဲချင်တဲ့ အပြုအမူတွေကို ကိုယ့်ဘာသာသိထားတယ်။​ ဘယ်လိုစိတ်တွေနဲ့ ပြောင်းလဲချင်လဲ သိဖို့အရေးကြီးတယ်။ နောက်တခါ ဘယ်လို ပြောင်းလဲချင်လဲ သိဖို့လည်းအရေးကြီးတယ်ဆရာ။​ ဘာကြောင့်ဘယ်လို ပြောင်းလဲချင်လဲ​။​ တချို့ကလည်း အခုနပြောတဲ့ မင်္ဂလာဆောင်ပြီးကာစပေါ့ မိသားစုကဖြစ်ဖြစ် ကိုယ့်ရဲ့ ပါတနာက ကိုယ့်ကိုပြောင်းလဲစေချင်တဲ့အရာတွေနဲ့ ပြောင်းလဲချင်တာလား ဒါမှမဟုတ် မိမိကိုယ်တိုင် ဆုံးဖြတ်ချက်နဲ့ပေါ့ ကိုယ့်ဘာသာ အခြေအနေကို သုံးသပ်ပြီးတော့ ကိုယ့်ဘဝတိုးတက်အောင် ကိုယ့်မိသားစု အခြေအနေတိုးတက်အောင် ပြောင်းလဲချင်တာလား၊ ဘာကြောင့် ပြောင်းလဲချင်တာလဲဆိုတာ အရေးကြီးဆုံးပဲ။​ ဘာကြောင့် ပြောင်းလဲချင်တာလဲ ဆိုတာသိရင် အချိန်က သိပ်အရေးမကြီးဘူးပေါ့။​ လူ့စိတ်သဘောတရားအရ အများစုက အချိန်ကို စောင့်လေ့ရှိတယ်။ အချိန်ကိုစောင့်မှသာလျင် ကိုယ့်ဘာသာပြောင်းလဲခွင့်ရှိသလိုမျိူး ထင်လေ့ရှိတာပေါ့။​”

မေး- သမီးလေးမွေးနေ့အထိမ်းအမှတ် အဖေကတော့ လုံးဝဆေးလိပ်ဖြတ်လိုက်ပါပြီဆိုတာမျိုးက တွန်းအားယူတာမျိုးလား၊​ သံယောဇဉ်တွေ မေတ္တာ တရားတွေကတဆင့် တွန်းအားယူတဲ့ သဘောမျိုးလား။​

ဖြေ။ “အရမ်းမှန်ပါတယ်။​ လူတွေပြောင်းလဲချင်စိတ်က မိမိချစ်ခင်တဲ့သူတွေအပေါ်မှာ မိမိအပြုအမူကဘယ်လို သက်ရောက်မှုရှိနေလဲ၊။ မိသားစုအတွက် အရေးကြီးဆုံးအရာတွေပေါ့။​ သမီးလေးအတွက် ကိုယ့်မိန်းမအတွက် ကိုယ့်ဘဝအတွက်အရေးအကြီးဆုံးပေါ့။​ တချို့ကကျတော့ ဘာသာရေးအရပေါ့၊​ အရက်ဖြတ်တော့မယ် ဆေးလိပ်လျော့သုံးမယ် ဒါတွေအားလုံးက ကိုယ့်အတွက် အရေးကြီးဆုံးအရာတွေက ဘာတွေလဲ။ ဘဝမှာ မိသားစုလား။

အခုနိုင်ငံရေးကာလမှာ တော်လှန်ရေးအတွက် အရေးကြီးတဲ့ကိစ္စတွေ ဦးစားပေးလုပ်တော့မယ်ဆိုရင် ဒါတွေက ခုနပြောသလို တွန်းအားရှိသလို တချိန်တည်းမှာလည်း ကားတစီးလိုစဉ်းစားမယ်ဆိုရင် ရှေ့ကိုသွားဖို့ တွန်းအားလို့ခေါ်တဲ့ Force လိုသလို Friction တွေလည်းရှိတယ်။ ပွတ်တိုက်မှု အရှိန်လျော့စေတာတွေလည်းရှိတယ်။ နှစ်ဘက်လုံးကို စဉ်းစားဖို့ လိုပါတယ်။​ သမီးလေးအတွက် အရက်ဖြတ်တော့မယ်ဆိုရင် ပတ်ဝန်းကျင်မှာရော ကိုယ့်မှာ အရက်အတူတူဖြတ်ဖို့ ကြိုးစားနေတဲ့ မိတ်ဆွေရဲ့လားပေါ့။​ မရှိဘူး၊​ သူငယ်ချင်းအားလုံးက အရက်အတူတူသောက်နေမယ်ဆိုလို့ရှိရင် ဒါက Friction (ပွတ်တိုက်မှု) ဖြစ်သွားတာပေါ့။​ ရှေ့ဆက်ဖို့က ခက်ခဲသွားတယ်။ ဘာလို့ဆိုတော့ အနားမှာရှိတဲ့သူတွေက အရက်သောက်နေတယ်။ ကိုယ်က အရက်ဖြတ်ချင်ပေမဲ့လည်း ရှေ့ဆက်ဖို့ခက်နေတာမျိုးပေါ့။​”

မေး။ အရက်တွေတိုက်တဲ့ ပါတီပွဲတို့ အခမ်းအနားပွဲတို့ပါ ရှောင်ရမယ့်သဘောမျိုးရှိတာပေါ့ နောက်ဆက်တွဲက။​

ဖြေ- “ဟုတ်ကဲ့ လုံးဝအပြီးသတ်ရှောင်ဖို့ကတော့ ခက်ခဲတာပေါ့နော်။ လူ့သဘာဝပေါ့၊။ ပွင့်ပွင့်လင်းလင်း ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကိုပြောပြထားတာမျိုးပေါ့။​ ကိုယ့်သမီးလေးအတွက် ကျန်းမာရေးအတွက် ကိုယ်လျော့သောက်နေတယ် ဒါကြောင့်မို့လို့။ တခါတလေကျတော့ မိတ်ဆွေအပေါင်းအသင်းတွေကလည်း ကိုယ့်ကို ချစ်လို့ခင်လို့ ဖိတ်ခေါ်တာပဲ။ ဒါပေမဲ့ သူတို့တွေက မရည်ရွယ်ပဲနဲ့ Friction/ barriers တွေဖြစ်သွားကြတာပေါ့။​

သူတို့တွေကို ပွင့်ပွင့်လင်းလင်းပြောဖို့ပေါ့ ဒီနှစ်တော့ ငါနည်းနည်း လျှော့သောက်နေတာ၊ ပါတီတွေလုံးဝမသွားတာမျိုးတော့မဟုတ်ဘူး သွားတော့သွားမယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ကို ပွင့်ပွင့်လင်းလင်းပေါ့။ ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုရော ပြောထားဖို့ အရေးကြီးမယ်။ နှစ်ဖက်စလုံးကို စဉ်းစားဖို့လိုတာပေါ့။​ တွန်းအားရော ကိုယ်ရောက်ချင်တဲ့နေရာကို ဖြတ်သန်းရမယ့် အတားအဆီးတွေ အခက်အခဲတွေရော သိဖို့ပါ။​”

မေး-ဆုံးဖြတ်ချက်ချတယ်။ ရည်မှန်းချက်ချတယ်။ ကိုယ့်ရဲ့ ဉီးတည်ရာတခုကို သွားတော့မယ်ဆိုတာတွေ ထက်ဝက်ကျော်လောက်က တကယ်ဖြစ်မလာကြဘူးဆိုတော့ အဓိပ္ပါယ်က စိတ်ပညာရှုထောင့်အရ အကြံပြုချက်တွေလည်း ရှိမယ်ထင်တယ်။​

ဖြေ။ “ဒီမေးခွန်းကို အရမ်းကျေးဇူးတင်ပါတယ်။​ ကျမတို့ စိတ်ပညာ သုတေသနအရ ပြုပြင်ပြောင်းလဲဖို့ ခက်တဲ့အရာတွေအားလုံးပေါ့၊​ အကြိမ်ကြိမ်အခါခါကြိုးစားတယ် အရက်ဖြတ်ဖို့ ကြိုးစားတာပဲ ဖြစ်ဖြစ် ဝိတ်လျှော့ဖို့ ကြိုးစားတာ၊ ပိုက်ဆံစုဖို့ကြိုးစားတာ အများစုက New Year Resolution နှစ်အစမှာကြိုးစားပြီး ဖေဖေါ်ဝါရီ၊ မတ်လလောက်ရောက်တော့ ပျက်သွားတာမျိုး ဖြစ်လေ့ရှိတယ်။ တနှစ်လုံးအတွက် ဖြစ်ဖို့ အကောင်းဆုံးက သုတေသနတွေ့ရှိချက်တွေအရ S-M-A-R-T Goal ဆိုတာဆရာရဲ့။​ SMART တခုချင်းစီက နည်းစနစ်ကျကျနဲ့ ပြောင်းလဲတာပေါ့ အပြုအမူတွေကို။​”

“S” ဆိုတာက Specific အသေးစိတ် တိတိကျကျဖြစ်ဖို့လိုတယ်တဲ့။​ ဥပမာအရက်ဖြတ်ချင်တယ်ဆိုရင် အရမ်းကြီး ယေဘုယျကျလွန်းနေတယ်။ အဲဒီအစား အသေးစိတ်ပြောတာမျိုးပေါ့။​ ဥပမာ မတ်လ၊ ဧပြီလ ရောက်လို့ရှိရင် အခုသောက်နေတာထက် တပါတ်ကို နှစ်ခွက်လောက် လျှော့ သောက်မယ်။​ ပိုပြီးတော့ တိတိကျကျဖြစ်သွားတဲ့ ဖြစ်နိုင်ခြေပိုဖြစ်သွားတယ်။​

နောက်တခါ “M” က Measurable ပေါ့။​ အရက်လျှော့သောက်မယ်ဆို ဘယ်နှစ်ခွက်လျှော့ သောက်မှာလဲ အပြီးဖြတ်တော့မှာလား၊ ပြီးဖြတ်မယ်ဆို ခက်ခဲလွန်းတယ်၊ ဖြစ်ဖို့ခက်ခဲလွန်းတယ်။​

အဲဒီအစား ကိုယ်သောက်နေတာထက် တခွက်လျှော့သောက်မယ်၊​ အရက်ဖြတ်မယ့် ဥပမာဆိုရင် အဲလိုလေးရွေးလိုက်တာပေါ့။​ နှစ်ခွက်လျှော့သောက်မယ် တခွက်လျှော့သောက်မယ်ဆိုတာ “M”

“A” ဆိုတာက Achievable ဖြစ်နိုင်ခြေရှိရမယ်တဲ့၊​ နေ့စဉ်အရက်သောက်ဖြစ်နေတဲ့ လူတယောက်က ချက်ခြင်းကြီး ဖြတ်လိုက်မယ်ဆိုရင် အရမ်းခက်ခဲတယ်။​ ခန္ဓာကိုယ်အတွက်ရော အန္တရာယ်တောင်ရှိနိုင်တယ်ပေါ့။​ အဲဒါမျိုးဆို ဘယ်လိုဖြစ်နိုင်ခြေရှိလဲ ကိုယ့်ခန္ဓာကိုယ်အတွက် ဖြစ်ချင်တဲ့ရည်မှန်းချက်ကိုရအောင်လေ။​

“R” ကကျတော့ ကိုယ်တကယ်ဖြစ်ချင်တဲ့ဟာက Relatable ကိုယ်တကယ်ဖြစ်ချင်တာ ဖြစ်ရမယ် ပတ်ဝန်းကျင်က ခိုင်းတာမျိုးမဟုတ်ပဲနဲ့။​ ခုနလို သမီးလေးအတွက်ဖြတ်တာဆိုရင် သမီးလေးက ကိုယ်အရက်လျှော့သောက်လို့ရှိရင် ကိုယ်ဘာတွေပေးနိုင်မှာလဲ၊ မိသားစုအတွက် ကိုယ့်စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ ဒါအတွက်လုပ်တာပေါ့နော်။​ ပတ်ဝန်းကျင်က ဖိအားပေးလို့ဖြစ်တာဆိုရင် သိပ်မထိရောက်ဘူး။​ ကိုယ်တကယ် ဖြစ်ချင်စိတ်နဲ့ ဖြတ်တာ။​ 

“T” ကကျတော့ Time-Bound လို့ခေါ်တာ။​ ကိုယ့်ဘာသာအချိန် Dead-Line လေးပေးလိုက်တာပေါ့။​ အပတ်စဉ်ဖြစ်ဖြစ် လစဉ်ဖြစ်ဖြစ်ပေါ့။​ ကိုယ့်ဘာသာ ဆန်းစစ်တာပေါ့။​ အရက်ဖြတ်ချင်လို့ ဇန်နဝါရီလဆန်းကစ လျှော့သောက်တယ်ပေါ့။​ တပတ်ကို တခွက် နှစ်ခွက်လောက် လျှော့သောက်မယ်ဆိုရင် ကိုယ့်ဘာသာ ဆန်းစစ်သွားတာပေါ့။​ ဒီတပါတ် လျှော့သောက်လိုက်တော့ နေလို့ထိုင်လို့ကောင်းလိုက်တာ ပိုပြီးအိပ်ပျော်တယ်။ သမီးနဲ့ပိုပြီး အချိန်ပေးမိတယ်။ မိန်းမနဲ့အတူတူပိုပြီး အချိန်ပေးမိတယ်ဆိုရင် စိတ်ကကိုယ်လုပ်နိုင်တာတွေကို အားရလာတာပေါ့။​ အော် သိပ်မဆိုးဘူးပဲ နောက်တခါ ၃ခွက်လောက် လျှော့သောက်လိုက်ဦးမယ်ဆိုပြီး တဖြည်းဖြည်းနဲ့ အရှိန်ရသွားတာမျိုးပေါ့။​ ဆိုတော့ အရေးကြီးဆုံး ခြုံပြီးပြောရလို့ရှိရင် လူတွေက ရည်မှန်းချက်ချလို့ရှိရင် အရမ်းကြီး ယေဘုယျကျလွန်းတာပေါ့။​ ဝိတ်လျှော့တော့မယ်၊ ဘာသာစကားတခုတက်တော့မယ်၊​ ကောင်းတဲ့ရည်မှန်းချက်တွေ ဖြစ်သော်ငြားလည်း တချို့ဆိုကျန်းမာအောင်နေမယ်ဆို ဘယ်လိုနေမှာလဲ၊ ဘယ်လိုစပြီးသွားမှာလဲ အဲလို တိတိကျကျလေးလုပ်နိုင်လို့ရှိရင် အထိရောက်ဆုံးပေါ့။​”

မေး- ကာတွန်းထဲမှာတောင်တွေ့လိုက်ရသေးတယ်နော်၊​ ဘုရားမှာ အရက်မသောက်တော့ဘူး သစ္စာဆိုထားတာက ရန်ကုန်မှာဖြစ်တယ်၊​ ရန်ကုန်မှာပဲ၊ ရန်ကုန်ကကျော်သွားရင် သောက်လို့ရတယ်ဆိုတာမျိုး။ 

ဖြေ။ “ဘာသာရေးကိုင်းရှိုင်းတဲ့ဆိုရင် အဲဒါသူ့အတွက်အရေးကြီးတယ်ဆိုရင် သူ့အတွက် တွန်းအားတခုပေါ့။​ သူပြောင်းလဲချင်တယ်။ အပြုအမူကို ဘာသာရေးအတွက်လို့ စဉ်းစားလိုက်တာပေါ့။​ ဘုရားကိုလှူလိုက်မယ်ဆိုတာ ရီစရာဖြစ်ပေမယ့် သူ့အတွက် အဆင်ပြေတယ်ဆိုကောင်းတာပေါ့နော်။​”

မေး- ၂၀၂၃ နှစ်အသစ်ကို ဇန်နဝါရီထဲဝင်လာပြီဆိုရင် ဘာတွေရည်မှန်းချက်တွေထားကြလဲ၊ ဘာတွေဆုံးဖြတ်ချက်တွေချကြလဲ၊ မြန်မာပြည်ကလူငယ်အများစု ဘာတွေစဉ်းစားနေလဲ၊ ဘာတွေတွေးခေါ်နေလဲ၊ ဘာတွေဖြစ်ချင်နေကြလဲ၊ ဘာတွေရည်ရွယ်နေကြလဲ သိချင်တဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တမ်းအငယ်စားလေးတခုလုပ်ထားပါတယ်။​ (Friends of DVB) ဒီဗွီဘီရဲ့ မိတ်ဆွေများဆိုတဲ့ Facebook Group မှာပါ။ အဲဒီအုပ်စုမှာ လူတသန်းနီးပါးရှိတယ်။ မိမိကိုယ်ကိုယ် ပိုကောင်းအောင်​ ဘာသာစကားအသစ်တခုခုလေ့လာမယ်။ အပျော်အပါးလျှော့မယ်။ ပိုက်ဆံစုမယ်။ ကျန်းမာအောင်နေမယ် စသဖြင့်၊ နောက်တခုက ကိုယ့်ပတ်ဝန်းကျင်အတွက်၊​ နောက်တခုက ကိုယ့်နိုင်ငံအတွက်ပိုကောင်းအောင်၊​ ဥပမာ နွေဦးတော်လှန်ရေးကို အားထည့်မှာလား၊ ထောက်ပို့ကူညီမှာလား၊ စစ်အာဏာရှင်ကိုဆန့်ကျင်မလား စသဖြင့်၊ ဒါမှမဟုတ်ရင် ကမ္ဘာကြီးအတွက် သစ်ပင်စိုက်တာတို့ ပလပ်စတစ်လျော့သုံးတာတို့ အဲလို အလွှာလေး  ၃ ခုထည့်လိုက်ပါတယ်။​ တချို့က သူတို့ဖြစ်ချင်တာ လာရေးကြတယ်။ ကျနော်တို့ ဖွင့်ပေးထားတယ်။ ဒီနှစ်မိန်းမယူမယ်ဆိုတာတောင်ပါသေးတယ်။ တရားများများထိုင်မယ်ဆိုတာလည်းပါတယ်။​ လူ ၁၉၀၀၀ မှာ အားလုံးပေါင်း ၆၀၀၀ ကျော်ဖြစ်တဲ့ ၅၀ ရာနှုန်းကျော်က ၂၀၂၃မှာ နွေဦးတော်လှန်ရေးကို ပိုအာရုံစိုက်မယ်ဆိုတာရယ်၊ စစ်အာဏာရှင်ကို တတ်နိုင်တဲ့ဘက်ကဆန့်ကျင်မယ်ဆိုတာတွေကို ဆန္ဒပြုထားကြပါတယ်။​ ကိုယ့်နိုင်ငံအတွက် စေတနာထားကြတဲ့သူတွေပိုပြီးများတယ်။​ သူတို့ရည်ရွယ်တာလေးတွေ ဖြစ်လာအောင် ဘယ်လိုအကြံပြုချင်မလဲ။

ဖြေ။ “​ဒီလိုစစ်တမ်းလေး ကောက်ယူပြီး သိလိုက်ရတာ အရမ်းကျေးဇူးတင်ပါတယ်။​ မြန်မာပြည်က လူငယ်တွေက​ တချိန်ထဲမှာ အံသြစရာတော့မဟုတ်ဘူးပေါ့။ ကျမတို့ နွေဦးတော်လှန်ရေးက လူငယ်တွေဦးဆောင်ခဲ့တယ်။ တောက်လျောက် အစကနေ အခုထိဆိုတော့လေ။​ သူတို့ရဲ့ တကယ့်ကို အတုယူစရာပဲပေါ့။ ဒီနေ့အထိ ကျမတို့အရှုံးမပေးဘူး။ လူငယ်တွေက ရှေ့ဆက်ပြီးတော့ တော်လှန်ရေးအတွက် အကောင်းဆုံးလုပ်မယ်ဆိုတဲ့ စိတ်ကလေးက တကယ့်ကို အားရစရာပဲပေါ့။​ အများစုက ဒီလိုဖြေခဲ့တယ်ဆိုတော့။​ ဒီလိုရည်မှန်းချက်နဲ့ စဉ်းစားမယ်ဆိုရင်တော့ ဒီရည်မှန်းချက်က အကြီးကြီးပေါ့။ အခုန အရက်လျှော့သောက်မယ်တို့၊ ဝိတ်လျှော့မယ်တို့ ပိုက်ဆံစုမယ်တို့ထက်ကို အများကြီး အဆပေါင်းများစွာကြီးတဲ့ ရည်မှန်းချက်လည်းဖြစ်တယ်။​ နောက် ကိုယ်ထိန်းချုပ်လို့မရတာတွေလည်း အများကြီးပါလာတယ်။​ ဒီလိုရည်မှန်းချက်တွေကျတော့ ပိုပြီးတော့တောင်မှ အခုနကျမပြောသွားတဲ့ နည်းစနစ်ကျကျနဲ့သွားဖို့ ပိုအရေးကြီးတယ်။​ ရည်မှန်းချက်အကြီးကြီးကို သွားတဲ့အခါကျတော့ စိတ်ရှည်ဖို့ နံပတ် ၁ အချက်ပေါ့။​ အချိန်ဘယ်လောက်ကြာကြာ ဒီရည်မှန်းချက်ကို ရအောင်သွားမယ်ဆိုတဲ့စိတ်နဲ့ပေါ့။​ ဘာလို့ဆိုတော့ ဒါက နေ့ချင်းညချင်းပြောင်းလဲမှာတော့မဟုတ်ဘူး ဒါပေမဲ့ ဒီရည်မှန်းချက်က ငါ့အတွက် community အတွက် အရမ်းအရေးကြီးတဲ့ရည်မှန်းချက်တခုဆိုတော့ ငါအလျော့မပေးဘူးပေါ့နော်။​ အဲလိုစဉ်းစားတဲ့အခါ ပြောတော့သာလွယ်တာနော်၊ တကယ်တမ်းလေ့ကျင့်တဲ့အခါ ခက်တာပေါ့။​ ဆုံးရှုံးမှုတွေကြား စိတ်ဒဏ်ရာတွေကြား ကျမတို့လူငယ်တွေက တိုက်နေရတာဆိုတော့လေ တော်လှန်ရေးကို အားလုံးက အကောင်းဆုံးလုပ်နေကြတယ်ဆိုပေမယ့်ပေါ့။​”

“အပြောင်းအလဲမဖြစ်သေးခင်မှာက အရေးအကြီးဆုံးကတော့ ကျမတို့ ရည်မှန်းချက်ပန်းတိုင်တိုင်းမှာ လူ့သဘာဝစိတ်က ခရီးတခုလို့ စဉ်းစားမယ်ထားပါတော့ ရည်မှန်းချက် ပန်းတိုင်ကို ကျမတို့အားလုံး သွားနေကြတယ်ဆိုတော့လေ။ အများစုက အဆုံးပေါ့ Destination လို့ခေါ်တဲ့နောက်ဆုံး ပန်းတိုင်ကိုပဲ စဉ်းစားလေ့ရှိတယ်။​ ပြည်သူ့အောင်ပွဲကျရင် ဘယ်လိုဖြစ်မယ် တော်လှန်ရေးရရင် ဘယ်လိုဖြစ်မယ် ကျမတို့က ဒါကိုစဉ်းစားတယ်။​ စဉ်းစားဖို့အရမ်းအရေးကြီးတယ် ဒါပေမဲ့ တချိန်ထဲမှာ ခရီးကဘယ်လိုလဲဆိုတာ ကျမတို့က စဉ်းစားလေ့မရှိဘူး လူ့သဘာဝအရ။​ ဒီခရီးက ဘယ်လောက်ရှည်မလဲ၊ ဘယ်လောက်တိုမလဲ ကျမတို့အနေနဲ့ မသိနိုင်ဘူးပေါ့။​ ဒါပေမဲ့ အရေးအကြီးဆုံးက ဒီခရီးကို ကျမတို့ ဘယ်လောက်ခက်ခဲပေမဲ့ ဘယ်လို ကိုယ်ပျော်မွှေ့အောင်သွားမလဲ၊​ ကိုယ့်ဘဝ တန်ဖိုးရှိရှိနဲ့ ဖြတ်သန်းမလဲ အခက်အခဲတွေကြားမှာ။ အဲဒါ အရမ်းအရေးအကြီးဆုံးပဲ။​”

“အခုနလို Destination က ပြည်သူ့အောင်ပွဲဆိုရင် ဒီခရီးကိုဖြတ်သန်းဖို့ ကျမတို့က သံလိုက်အိမ်မြှောင် Compass လိုတယ်။​ Compass လို့ပဲပြောပြော Nevigation လို့ခေါ်တဲ့ Map ပေါ့ ရောက်အောင်သွားဖို့ မြေပုံတွေ သံလိုက်အိမ်မြှောင်တွေ လိုပါတယ်။​ တယောက်ချင်းအနေနဲ့ရော လူ့ဘောင်အဖွဲ့အစည်းအနေနဲ့ရော လိုအပ်တယ်။ ကျမတို့ စိတ်ပညာရှုဒေါင့်ကကြည့်ရင် လောင်စာမကုန်သွားပဲနဲ့ ကိုယ်ရောက်ချင်တဲ့ ရည်မှန်းချက်ရောက်အောင် အရေးကြီးဆုံးက သံလိုက်အိမ်မြှောင်ကို မေ့မသွားဖို့ပေါ့နော်။​ ဘာလို့ဆိုတော့ အရမ်းပင်ပန်းလာတဲ့အခါမှာ လူက အော် ဘယ်တော့မှရောက်မှာလဲဆိုတာမျိုးဖြစ်တဲ့အခါမှာ ကိုယ်ကိုယ်တိုင်လည်း အားပေးဖို့လိုသလို ပတ်ဝန်းကျင်ကလူတွေကိုလည်း ငါတို့ဘာလို့ ဒီခရီးကိုသွားချင်တာလဲ ငါတို့ရဲ့ သံလိုက်အိမ်မြှောင်ကဘာလဲဆိုတာ ကျမစဉ်းစားမိတာကတော့ ကျမတို့ လူငယ်တွေရဲ့ သံလိုက်အိမ်မြှောင်အနေနဲ့ဆို တရားမျှတမှု Justice က ကျမတို့ရဲ့ သံလိုက်အိမ်မြှောင်၊​ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီက ကျမတို့ရဲ့ သံလိုက်အိမ်မြှောင် ဒါတွေကိုစဉ်းစားမိမယ်ဆိုလို့ရှိရင် အခုဘယ်လောက်ခက်ခဲပါစေ ငါတို့အချင်းချင်းအားပေးပြီးတော့ ရှေ့ဆက်မယ် ဒါဆိုလို့ရှိရင် ခရီးကလည်း တတ်နိုင်သမျှ အခက်အခဲတွေကြားထဲမှာ ပျော်မွှေ့စရာ ပျော်စရာလို့ ပြောရခက်တယ်ပေါ့။ တန်ဖိုးရှိအောင် ဖြတ်သန်းတာပေါ့။​ မရောက်မချင်း အချင်းချင်း ဖေးမပြီးသွားနေတဲ့အခါ ဒီရည်မှန်းချက်ပန်းတိုင်က ပိုပြီးတော့ ဖြစ်နိုင်တာပေါ့နော်။​ ကျမ အရေးကြီးဆုံးပြောချင်တာကတော့ ကိုယ့်ရဲ့သံလိုက်အိမ်မြှောင်တွေက ဘာလဲဆိုတာမမေ့ဖို့ရယ် နောက်တခါ ဘယ်လိုရောက်အောင်သွားမလဲပေါ့။​”

“အခုနပြောသလို မြန်မာလူငယ်တွေက ထူးခြားတဲ့ Characteristic ပြောရမယ့် ထူးခြားတဲ့အရာပေါ့  နိုင်ငံတကာနဲ့ ယှဉ်ကြည့်လို့ရှိရင် အများအတွက်စဉ်းစားတာ​ Community အတွက်စဉ်းစားတာ လေးစားစရာကောင်းတဲ့ အရည်အချင်းတခုပေါ့။ မြန်မာလူငယ်တွေမှာရှိတာ​ နောက်တခုက Creativity ဖြစ်တာ အရမ်းကို တီထွင်ဉာဏ်ကောင်းတာ။ ကျမတို့ အမှောင်ထဲမှာကြီးလာကြတဲ့ လူတွေလို့ပြောရမှာပေါ့။ ကျမတို့ community က။​ ဒါပေမဲ့ အရမ်းကို တီထွင်ဉာဏ် resources ဖြစ်တာ Creativity ဖြစ်တာလို့ ပြောလို့ရမယ့်​ သူတို့တွေ​ ကိုယ်ရောက်ချင်တဲ့ဆီကိုရောက်အောင် ကျမတို့တွေ ဘယ်လိုဖြစ်အောင်သွားမယ်ဆိုတာ အချင်းချင်း  အားပေးဖို့ပေါ့။​ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အရေးကြီးဆုံး ၂ခုပေါ့နော်။​ သံလိုက်အိမ်မြှောင်တွေကဘာလဲ၊ ကိုယ့် Values တွေကဘာလဲ၊​ အခက်အခဲတွေကြားထဲမှာ လောင်စာမပြတ်သွားအောင် ဘယ်လိုသွားကြမလဲပေါ့။​”

စိတ်ပညာရှင်တွေ ရှုဒေါင့်အရ ဘဝမှာ ဖြစ်ချင်တာတွေ ရည်မှန်းချက်ထားတာတွေ ဦးတည်ချက်ထားတာလေးတွေ တကယ်ဖြစ်လာနိုင်အောင် စဉ်းစားစရာ အချက်လေးတွေ ပြောပြပေးတာ ဆရာမ မဖြူပန်းနုခင်ကို ကျေးဇူးတင်ပါတယ်။ 

2 hours Ago

July 30, 2022

APHR ပြောခွင့်ရပုဂ္ဂိုလ်နှင့် ဒီဗွီဘီမေးမြန်းချက်

မကြာခင် ကျင်းပတော့မယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးဟာ မြန်မာစစ် ကောင်စီအပေါ် ရဲရဲတင်းတင်း တာဝန်ယူမှုရှိရှိနဲ့ အာဆီယံနိုင်ငံတွေ အရေးယူဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့ APHR လူ့အခွင့်အရးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို စစ်ကောင်စီရဲ့ ဥပဒေမဲ့ ကွပ်မျက်မှုတွေကြောင့် ပြည်တွင်းမှာရော ပြည်ပမှာပါ ကန့်ကွက်သံတွေ ဆူညံသွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ပြဿနာအရေးကို ဖြေရှင်းဖို့အတွက် အာဆီယံဘက်က ကြိုးစားနေတာတွေ အကုန်လုံး ပြက်ရယ်ပြုခံလိုက်ရတယ်ဆိုတဲ့ တုံ့ပြန်တာတွေလည်း တွေ့ရပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်စီရင်မှုနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ APHR ပြောခွင့်ရပုဂ္ဂိုလ် မူစခေါင်ရဲ့  အမြင်သဘောထားကိုသိရဖို့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ပထမဆုံး မေးချင်တာက၏ အခုတလောမှာ မြန်မာပြည်သူတွေ စိတ်ဆင်းရဲနေခဲ့ရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဥပဒေမဲ့ကွက်မျက်မှုနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ APHR ရဲ့ သဘောထားကို သိချင်ပါတယ်။

ဖြေ- ပထမဆုံး ပြောချင်တာကတော့ မကြာသေးခင်က အရိုင်းစိုင်း အရက်စက်ဆုံးနည်းနဲ့ သတ်ဖြတ်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို APHR ရဲ့ ကိုယ်စား လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းစကားပြောခွင့်ရတဲ့အတွက်  ဒီမိုကရက်တစ် မြန်မာ့အသံကို ကျေးဇူးတင်ပါတယ်။ ခုချိန်ထိ လူမဆန်ဆုံးနည်းတွေနဲ့ ဆက်လက်သတ်ဖြတ်ခံနေရတဲ့ မြန်မာပြည်သူတွေအတွက်လည်း ဝမ်းနည်းပါတယ်။

APHR အဖွဲ့အစည်းအနေနဲ့ အာဆီယဒေသခံ ပြည်သူလူထုရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စိုးရိမ်နေကြပါတယ်။ ခုလိုချိန်မှာ အဆိုးဆုံးကတော့ မြန်မာပြည်သူတွေ အခြေအနေပါ။

အခုလို စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကို အပြင်းအထန် ရှုတ်ချရုံတင်မကပါဘူး ဒီလုပ်ရပ်ဟာ အရိုင်းအစိုင်း ဥပဒေမဲ့ဝါဒဖြစ်တယ်လို့ ယူဆပါတယ်။ နံပါတ် ၁ အချက် - သတ်ဖြတ်ခံရသူ လေးယောက်ထဲမှာ တယောက်ဟာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တယောက်လည်းဖြစ်နေပါတယ်။ မြန်မာပြည်သူတွေ လူသားတယောက်လို ရှင်သန်နေထိုင်ပိုင်ခွင့် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်သူတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ ခုလိုသတ်ဖြတ်မခံရခင်မှာလဲ ကိုယ့်ကိုယ်ကိုယ် ဥပဒေအရ ဘာတခုမှ ခုခံချေပပိုင်ခွင့်မရခဲ့ပဲ စစ်ကောင်စီရဲ့ မတရားတဲ့ လျို့ဝှက်စစ်ခုံရုံးကနေ ဥပဒေမဲ့စီရင်ခံခဲ့ရတာပါ။ သူတို့ကို တရားစွဲ အပြစ်ရှိတယ်ဆုံးဖြတ် စီရင်ချက်ချ ကွက်မျက်လိုက်ပစ်တဲ့ လက်လွတ်စပါယ် သတ်ဖြတ်မှုပါ။

မိသားစုတွေတောင် အရိုးပြာကောက်ယူခွင့်မရခဲ့ဘူးဆိုတော့ ကျမတို့က စစ်ကောင်စီကို ရှုတ်ချရုံတင်မကပါဘူး  စိုးရိမ်ရတာတွေကို ပြောနေပါတယ် အရေးယူဆောင်ရွက်ကြဖို့ တောင်းဆိုနေပါတယ်။ အာဆီယံဒေသတွင်းနဲ့ နိုင်ငံတကာက အားလုံးအတူတကွစုစည်းပြီး အာဆီယံအဖွဲ့နဲ့ လူ့အခွင့်အရးကို ကာကွယ်စောင့်ရှောက်ရမယ့် အမေရိကန် ဉရောပသမဂ္ဂဝင်နိုင်ငံတွေ ယူကေ၊ ဩစတြေးလျ အပါအဝင် အစိုးရအဖွဲ့တွေကို ဖိအားပေးပြီး စစ်ကောင်စီအပေါ် လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်း လုပ်ခိုင်းဖို့လိုပါတယ်။ ဒါမှပဲ မျက်မြင်သက်သေတွေဟာ ဖမ်းဆီးခံရမှာကို စိုးရိမ်နေစရာမလိုပဲ ထုတ်ဖေါ်ပြောဆိုခွင့်ရနိုင်ပါမယ်။ ဒီလိုရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးနိုင်ဖို့ နိုင်ငံတကာနဲ့ အာဆီယံအဖွဲ့တွေ ညှိနှိုင်းဆောင်ရွက်မှုကင်းမဲ့နေတာတွေကိုလဲ ထောက်ပြချင်ပါတယ်။

မေး- အခုလိုချိန်မှာ အာဆီယံအဖွဲ့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြင်းထန်တဲ့တုံ့ပြန် အရေးယူဆောင်ရွက်မှု ဖိအားပေးမှုတွေလိုအပ်နေတာကြားရပါတယ်။ လောလောဆယ်မှာ စစ်ကောင်စီက လုံးဝ မသိကျိုးကျွန်ပြုထားတဲ့ အာဆီယံ သဘောတူညီချက် ၅ချက် အခြေအနေလည်း ရှိပါတယ်။ လက်ရှိအာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက ကြားဝင်ဖြေရှင်းဖို့ကြိုးစားမှုအပေါ်မှာလည်း အားမလိုအားမရတွေရှိနေပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုသုံးသပ်ချင်လဲ။

ဖြေ- ကျမက ကမ္ဘောဒီးယားသူပါ။ ရှင်တို့လိုပဲ ပြည်ပမှာပဲ နေရတဲ့သူပါ။ ဟွန်ဆန်အစိုးရက ကျမရဲ့ပါတီကို ဖျက်သိမ်းပြီး လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို ဖယ်ရှားခံခဲ့ရပါတယ်။ အဓိကအတိုက်အခံပါတီအနေနဲ့ NLD အခြေအနေနဲ့ အတော်လေး ဆင်ပါတယ်။ လူထုဆန္ဒမဲ ၄၃ရာခိုင်နှုန်းထိ ပြည်သူထောက်ခံမှုအားကောင်းကောင်း ရရှိထားတဲ့ပါတီဟာ အတိုက်အခံ ပါတီဆိုတာထက်ပိုပါတယ်။ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားလုပ်ပုံတွေက ကျမတို့လည်း အရှက်ရပါတယ်။ ဟွန်ဆန်အစိုးရခန့်အပ်တဲ့ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံဆိုင်ရာအာဆီယံကိုယ်စားလှယ်ဟာ အာဆီယံ မြန်မာ ဘုံသဘောတူညီချက် ၅ချက်ကို လေးစားမှုမရှိပဲ ဂုဏ်သိက္ခာကျဆင်းစေတာတွေပဲ လုပ်နေခဲ့ပါတယ်။

နံပါတ်တစ်အချက်က ဟွန်ဆန်ဟာ တခြားအာဆီယံ၉နိုင်ငံရဲ့ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ညှိနှိုင်းမှုမလုပ်ပဲ အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ သူ့သဘောနဲ့သူ နေပြည်တော်ကိုသွားပြီး မင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်တယ်။ ရှေ့နောက်မစဉ်းစားတဲ့ ကောင်းဘွိုင်သံတမန်နည်းကိုသုံးပါတယ်။ သူက ကမ္ဘောဒီးယားကိုလည်း အဲလိုပဲအုပ်ချုပ်ပါတယ်။ သူ့ကိုယ်သူ မင်းအောင်လှိုင်ကို အကြံပြုနိုင်စွမ်းရှိမယ်လို့ ထင်နေပါတယ်။ သူက မင်းအောင်လှိုင်က အကြံပေးဖို့သွားတာမဟုတ်ဘူး။ ရက်စက်ကြမ်းကြုတ်တဲ့ မင်းအောင်လှိုင် တရားဝင်အသိအမှတ်ပြုမှုရပြီး ပိုဆိုးလာအောင် အားပေးဖို့သွားတာ။ အဲဒါတွေကြောင့်လဲ ခုလိုသတ်ဖြတ်မှုတွေလုပ်ဖို့ မင်းအောင်လှိုင် ရဲရဲတင်းတင်းဆုံးဖြတ်ခဲ့တာပဲ။ နောက်ထပ် သေဒဏ်ချမှတ်ခံထားရတဲ့ လူ ၁၀၀ လောက်အတွက်လဲ ကျမတို့စိုးရိမ်နေရပါတယ်။ အာဆီယံ  အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်းဆုံး အကောင်အထည်ဖေါ်ဆောင်နိုင်ဖို့ ကျရှုံးခဲ့တာကို ရာခိုင်နှုန်းပြည့် တာဝန်ခံရပါမယ်။

အာဆီယံကိုယ်စားလှယ်ဟာ နေပြည်တော်ကို သွားတယ်။ မင်းအောင်လှိုင်တဲ့ စကားပြောတယ်။ တခြားအာဆီယံခေါင်းဆောင်တွေကို တိုင်ပင်ဆွေးနွေးခြင်းမရှိပဲ တရားမဝင်တဲ့ စစ်ကောာင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ကာကွယ်ရေးဝန်ကြီးဆိုတဲ့သူတွေကို အာဆီယံအစည်းအဝေးတက်ဖို့ ဖိတ်ကြားတယ်။ အဲဒါထက်ပိုဆိုးတာက မြန်မာပြည်သူတွေကို စာနာမှုအကူအညီတွေပေးဖို့ သွားဆွေးနွေးတယ်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် နိုလင်းဟေဇာကိုကျတော့ အစည်းအဝေးကို မဖိတ်ကြားခေါ်ခဲ့ဘူး။ ဒါတင်ဘယ်ကမလဲ။ ခုလိုသတ်ဖြတ်မှုအပြီးမှာ အာဆီယံကိုယ်စား ဥက္ကဋ္ဌ နိုင်ငံရဲ့  ကြေညာချက်ထုတ်ပြန်တော့လည်း နှစ်ဘက်စလုံးအကြမ်းဖက်နေကြတယ်လို့ အပြစ်တင်ထားတယ်။

တကယ်တော့ စစ်ကောင်စီတဘက်ထဲကပဲ ရက်စက်ကြမ်းကြုတ်မှုတွေ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်နေတာပါ။ စစ်ကောင်စီတခုထဲပါ အဲဒါအလွန့်အလွန် ရှင်းလင်းပါတယ်။ သူက NUG အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။ မင်းအောင်လှိုင် စိတ်ကြိုက်ဆွေးနွေးမှုတွေလုပ်ဖို့ ခွင့်ပြုထားခဲ့တယ်။ အဲဒါ လုံးဝမှားယွင်းနေပါတယ်။

မေး- နောက်ထပ်မေးခွန်းကတော့ အခုအခြေအနေ ဆိုးဆိုးရွားရွားဖြစ်နေတာနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ဘယ်လိုတင်းတင်းမာမာ ရပ်တည် တုံ့ပြန်လှုပ်ရှားသင့်လဲ။

ဖြေ- မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာဆိုင်ဖူဒင်ရဲ့ မြန်မာစစ်ကောင်စီကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်မပြုဘူးဆိုတဲ့ ရပ်တည်ချက်က ရှင်းလင်းပြတ်သားပါတယ်။ စစ်ကောင်ဆီနဲ့ အဆက်ဖြတ်ရုံတင်မကပါဘူး။ အာဆီယံဘက်က အရေးယူဆောင်ရွက်ဖို့လည်း ပါဝင်ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးပွဲက မကြာခင်စတင်တော့မှာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလည်’ တက်ရောက်ပါမယ်။ အဲဒါ အာဆီယနိုင်ငံတွေ အတူတကွ အရေးယူဆောင်ရွက်ရမယ့် အချိန်ပါပဲ။ ရဲရဲတင်းတင်း သတ္တိရှိရှိနဲ့ မြန်မာပြည်သူတွေ ကမ္ဘာပြည်သူတွေအပေါ် တာဝန်သိသိ တာဝန်ယူမှုရှိရှိ အရေးယူဆောင်ရွက်ရပါမယ်။ ယူကရိန်းပြည်သူတွေအတွက် နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးကြသလိုပါပဲ။

NUG က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ကို တောင်းဆိုထားတာပါ။ မြန်မာပြည်သူတွေရဲ့တောင်းဆိုမှုတွေ NUG ကိုယ်စားလှယ်တွေရဲ့တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးရပါမယ်။ ယူကရိန်း သမ္မတရဲ့ တောင်းဆိုမှုကို အမေရိကန်နဲ့ နိုင်ငံတကာက ဖြည့်ဆည်းပေးကြသလိုမျိုးပါ။

မေး- နောက်ဆုံးမေးခွန်းပါ။ လောလောဆယ် မြန်မာနိုင်ငံသားတွေ စိတ်မကောင်းဖြစ်ရ စိတ်ခံစားနေကြရတဲ့ အခြေအနေရှိတယ်။ ကွက်မျက်ခံရသူတွေရဲ့ မိသားစုဝင်တွေအပြင် စစ်ကြောရေးမှာ အသက်သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ မိသားစုဝင်တွေ သောင်းနဲ့ချီပြီး အကျဉ်းချခံထားရသူတွေရဲ့ မိသားစုဝင်တွေ၊ သန်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေ တက္ကသိုလ်ကျောင်းတက်နေရမယ့်အချိန်မှာ တောထဲရောက်ပြီးခုခံစစ်ကို ဆင်နွှဲနေကြရတဲ့လူငယ်တွေ ဆင်းရဲဒုက္ခတွေခံစားနေရတဲ့ မြန်မာပြည်သူတွေအားလုံးအတွက် ဘယ်လိုနှုတ်ဆက်စကားပြောချင်ပါသလဲ။

ဖြေ- ကျမ ချစ်ခင်ရတဲ့ မြန်မာပြည်က ညီအစ်ကိုမောင်နှမတွေအားလုံးရှင် ကိုယ်ပဲရှိတယ်၊ ဘယ်သူမှမရှိကြဘူးလို့ မခံစားပါနဲ့။ မြန်မာပြည်သူတွေ နာကျင်ခံစားနေရတာကို ရှင်တို့လိုပဲ ငြိမ်းချမ်းရေးလိုလားသူတွေအားလုံးက မျှဝေခံစားနေကြရပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဝင်တယောက်အနေနဲ့ ဒီလိုရက်စက်ကြမ်းကြုတ်မှုတွေ ရပ်ဆိုင်းသွားဖို့ ကျမတို့အကောင်းဆုံးကြိုးစားပေးပါ့မယ်။

ဂျပန်ဟာစစ်ကောင်စီကို ထောက်ပံ့မှုတွေ ရပ်ဆိုင်းရပါမယ်။ NUG ကိုထောက်ခံအားပေးတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ ပြောင်းလဲရပါမယ်။ သြစတြေးလျနိုင်ငံဟာ (လူ့အခွင့်အရေးချိုးဖေါက်သူ အစိုးရတွေကိုချမှတ်တဲ့ ) magnitsky law ကိုအသုံးပြုပြီး ရက်စက်ကြမ်းကြုတ်မှုတွေကျူးလွန်တဲ့ အဆင့်မြင့် စစ်ကောင်စီအရာရှိတွေကို ပြင်းပြင်းထန်ထန် အရေးယူရပါမယ်။ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ နာကျင်ခံစားနေရတာကို ပြေလျော့ဖို့ နိုင်ငံစုံညှိနှိုင်းဆောင်ရွက် အရေးယူမှုရှိမှပဲ အခုလိုသတ်ဖြတ်မှုတွေ အမြန်ရပ်ဆိုင်းစေနိုင်မှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

6 months Ago
Up