close

ဒီမိုကရေစီခယောင်းလမ်း

close

April 30, 2023

ဒီမိုကရေစီခယောင်းလမ်း (သို့) ၂၁ ရာစု၏ ပဒေသရာဇ် ခေတ်ပြောင်းတော်လှန်ရေး

၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် အနိုင်ရပါတီကို အာဏာလွှဲပြောင်းမပေးဘဲ ပြည်သူလူထု၏ ဆန္ဒကို မထီမဲ့မြင်လုပ်ကာ ပြည်သူ့အာဏာကို အတင်းအဓမ္မ သိမ်းပိုက်ခဲ့သော စစ်အာဏာရူးတို့၏ လုပ်ရပ်ကို လက်မခံနိုင်ကြသော နိုင်ငံတဝန်းရှိ ပြည်သူတို့၏ ခုခံဝောာ်လှန်စစ်သည် ယခုအခါ အလွန်ပင် အရှိန်အဟုန်ရနေပြီ ဖြစ်သည်။

စနစ်တကျတည်ဆောက်ထားသော နိုင်ငံ့စစ်တပ်တခု၏ ပြည်သူ့အပေါ် သစ္စာဖောက်ဖျက် ပုန်ကန်မှုအား တွန်းလှန်ရသည်ဖြစ်ရာ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များစွာကို စွန့်လွှတ်ပေးဆပ်ကြရသည်တော့ အမှန်ပင်ဖြစ်သည်။ စစ်သူပုန်တို့၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်များအပေါ် ပြည်သူတို့၏ နာကြည်းဒေါသမှာ နှိုင်းပြစရာမရှိအောင်ပင် ဖြစ်ရသည်။ စတုတ္ထမျိုးဆက် မောင်းပြန်လက်နက်များ ကိုင်ဆောင်ထားသော အကြမ်းဖက်စစ်သူပုန်တို့အား ၁၈ ရာစုသုံး မားစကတ်သေနတ်များဖြင့် ခုခံတွန်းလှန်ခဲ့ကြပုံများမှာ ကမ္ဘာကပင် အံဩခဲ့ရသည်။

ပြည်သူတို့၏ ဒီမိုကရေစီခရီးလမ်းကား ကြမ်းတမ်းခဲ့၏။

ကမ္ဘာပေါ်ရှိ မည်သည့်ဒီမိုကရေစီအရေးတော်ပုံမဆို ပန်းခင်းလမ်းများ မဟုတ်ခဲ့ကြပါ။ သွေးကိုခင်းရ၏။ အသက်ကိုရင်းရ၏။ လောဘ ဒေါသ မောဟတို့ ထုံမွမ်းအပ်သော ဤကမ္ဘာတွင် တန်းတူညီမျှ လွတ်လပ်မှုသည်ကား အလွန်ပင် ဈေးကြီးလှပေသည်။

ကမ္ဘာ့ဒီမိုကရေစီဘိုးအေနိုင်ငံကြီးများကို ကြည့်လျှင်လည်း ၎င်းတို့၏ နှစ် ၂၀၀ ကျော် ဒီမိုကရေစီအခရီးတွင် အတားအဆီးများစွာ ကျော်ဖြတ်ခဲ့ရသည် ဖြစ်၏။ ပထမအဆင့် သက်ဦးဆံပိုင် အာဏာရှင်စနစ်ကို တွန်းလှန်ရ၏။ ဒုတိယအဆင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ တည်မြဲအောင် အချိန်ယူ တည်ဆောက်ကြရ၏။ တတိယအဆင့်အနေဖြင့် ပြောင်းလဲလာသော ခေတ်စနစ်များအလိုက် လူထုဆန္ဒများကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားရ၏။ ဤအဆင့်ကား ပြီးဆုံးနိုင်မည် မဟုတ်ချေ။

မိမိတို့နိုင်ငံ၏ အခြေအနေကို ကြည့်လျှင်လည်း နွေဦးတော်လှန်ရေးဟု အမည်သညာ မှည့်ခေါ်အပ်သော ဤမြင့်မြတ်သည့်တော်လှန်ရေးသည် ၁၈ ရာစုနှောင်းက မဖြစ်ပေါ်လိုက်ရသော ပဒေသရာဇ် ခေတ်ပြောင်းတော်လှန်ရေး ဆိုလျှင်လည်း မှားမည်မထင်ပေ။

ကင်းဝန်မင်းကြီး ဦးကောင်း၏ စည်းမျဉ်းခံဘုရင်စနစ်၊ ကနောင်မင်းသား၏ မအောင်မြင်လိုက်သော ခေတ်မီစက်မှုနိုင်ငံ တည်ထောင်မှုများသည် ဒီမိုကရေစီ၏ အစပျိုးလမ်းစများ ဖြစ်ခဲ့ပါ၏။ သို့သော် ထုံးစံအတိုင်း အာဏာရူးတို့ကြောင့် ပျက်စီးခဲ့ရသည်။ အကယ်ရွေ့သာ ကိုလိုနီကျူးကျော်မှု မရှိခဲ့သော် အရည်အချင်းညံ့ဖျင်းပြီး အာဏာမက်မောသော မင်းမိဖုရားတို့အပေါ် ပြည်သူတို့၏ တော်လှန်မှု မဖြစ်ပေါ်လာနိုင်ဟု မဆိုနိုင်ပေ။

မည်သို့ပင်ဆိုစေ လွတ်လပ်ရေးရပြီး နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း အာဏာအပေါ် ယစ်မူးပြီး တလွဲအသုံးချတတ်သူများမှာ ၁၈ ရာစုနှစ်များအတိုင်းပင် မပြောင်းမလဲ ပေါ်ထွက်လာခဲ့ပါပြီ။ အာဏာရှင်အဆက်ဆက်ကို ကြည့်လျှင် ဝါဒသဘောတရားများ မည်သို့ပင် တံဆိပ်ကပ်ထားသည် ဖြစ်စေ၊ သက်ဦးဆံပိုင် အာဏာရှင်ကဲ့သို့ စေတလုံးပိုင်ရှင်များ ဖြစ်ရန်သာ အားထုတ်ခဲ့သည်ကို တွေ့ရသည်။ စစ်တပ်ကို ကြည့်လျှင်လည်း ပြည်သူကို ကာကွယ်ရန်ထက် ကျေးဇူးခံ ကျေးဇူးစားများကို မြှောက်စားပြီး ပဒေသရာဇ်တပ်ဆန်ဆန် ဖွဲ့စည်းခဲ့သည်ကို တွေ့ရသည်။ စစ်စည်းရုံးခြင်းမှအစ သားစဉ်မြေးဆက် အမှုထမ်းရန် သွယ်ဝိုက်ဖန်တီးခြင်း၊ အိမ်ကြီးပေါ် အိမ်ငယ်ဆင့်ကာ စစ်တပ်အတွင်း နိုင်ငံ့ရင်းမြစ်နှင့် အခြေခံအဆောက်အအုံများ အားလုံးထည့်သွင်းကာ အာဏာတည်မြဲရေးကို ဦးတည် တည်ဆောက်ထားကြောင်း တွေ့ရသည်။

သက်ဦးဆံပိုင်ပဒေသရာဇ် စေတလုံးနှင့် ပြည်သူကို အနိုင်ကျင့်အုပ်ချုပ်သည့် ဉာဉ်ဆိုးများမှာ ယခုခေတ်အနေအထားနှင့် မည်သို့မျှ မအပ်စပ်သည်ဖြစ်ရာ ၁၈ ရာစုနှောင်းတွင် တိမ်မြုပ်ခဲ့ရသော ပဒေသရာဇ် တော်လှန်ရေးမှာ ၂၁ ရာစု၏ တခုသောနွေဦးမှာ ပြန်လည်ပေါက်ဖွားလာခဲ့ပြီဟု ဆိုချင်ပါသည်။

မည်သို့ခေါ်သည်ဖြစ်စေ အဏာရှင်တော်လှန်ရေးဆိုသည်မှာ လူသားတို့နှင့် ယခုအချိန်အထိ အကိုက်ညီဆုံး ဒီမိုကရေစီစနစ်၏ ရှေ့ပြေးလုပ်ငန်းတခု ဆိုသည်မှာ အမှန်တရားပင်ဖြစ်သည်။

အာဏာရူးတို့သည်လည်း သူတို့၏ အာဏာတည်မြဲရေးအတွက် အစွမ်းကုန် ကြိုးစားနေလေသည်။ ကိုယ်ကျိုးအတွက်ဆိုလျှင် အရာအားလုံးကိုရင်းမည့် ထိုလူ့အန္ဓတစုကား ဘုရားအဆူဆူ ချွတ်လျှင်တောင် ကျွတ်မည်မဟုတ်ပေ။ ပြည်သူ့ပြောက်ကျားတို့အား ပြည်သူနှင့်ခွဲထုတ်ရန် ရူးမိုက်စွာ ကြံစည်ကြ၏။ မအောင်မြင်သောအခါ အလွန်ယုတ်မာစွာဖြင့် မြေလှန်မီးရှို့စနစ်ကို ကျင့်သုံးလာကြလေသည်။

၎င်းတို့၏လုပ်ရပ်သည် အလွန်ယုတ်မာသည် မှန်၏။ တော်လှန်ရေးသမားများသည် ပြည်သူများဖြစ်ရာ ပြည်သူတို့၏ ရင်းမြစ်များကို ဖျက်ဆီးပြီး မဟာဗျူဟာတိုက်ခိုက်မှု လုပ်နေသည်ကိုတော့ သတိမူရမည်ဖြစ်သည်။ ၎င်းတို့ ဝင်ရောက်ဖျက်ဆီးချိန် အများစုမှာ ကောက်ပဲသီးနှံများ ရိတ်သိမ်းသိုလှောင်ထားချိန် ဖြစ်တတ်၏။ ရေနဲ့ ငါးကို ခွဲမထုတ်ဘဲ ရေကိုပဲ ခန်းစေသောနည်း ဖြစ်သည်။

တော်လှန်သော ပြည်သူတို့အနေနှင့် အခြေအနေကို သဘောပေါက်ကာ ရိက္ခာများကို သိုလှောင်မှုစနစ် ပြောင်းလဲနိုင်ရန် ဦးဆောင်အဖွဲ့အစည်းများက ကြံဆကူညီရမည် ဖြစ်သည်။ ဗိုက်မဝလျှင် စစ်မတိုက်နိုင် ဆိုသည်ကား ကမ္ဘာ့စစ်တပ်ကြီးများပင် လေးစားလိုက်နာသော အဆိုအမိန့်ပင် မဟုတ်ပါလော။ အကြမ်းဖက်စစ်သူပုန်တပ်အနေနှင့် မြေလှန်မီးရှို့စနစ်မှာ ၎င်းတို့လုပ်တတ်သော နောက်ဆုံးအဆင့်ဖြစ်ရာ အလွန်အထိနာနေပြီဟု ယူဆနိုင်ပါသည်။ မြေလှန်မီးရှို့စနစ်နှင့်အတူ ၎င်းတို့ ယှဉ်တွဲသုံးတတ်သည်မှာ သပ်လျှိုသွေးခွဲသည့်နည်းပင် ဖြစ်သည်။ ဤနည်းလမ်းကိုလည်း အခြေအနေအ‌လျောက် ဖွဲ့စည်းထားသော ပြောက်ကျားတပ်ဖွဲ့များကို ကွပ်ကဲမှုဗဟိုနှင့် ချိတ်ဆက်ကာ ညှိနှိုင်းတိုင်ပင် လုပ်ကိုင်ကြခြင်းအားဖြင့် ကာကွယ်နိုင်၏။

ရန်သူတို့၏ ဖျက်ဆီးမှုကြောင့် ပြည်သူတို့၏ ထိခိုက်နစ်နာမှုကား ၀မ်းနည်းဖွယ်ကောင်းအောင် များလှ၏။ စစ်ပွဲတွင် မိမိတို့ ပင်ပန်းလာသောအခါ ရန်သူ့နောက်ကျောကို ကျော်ကြည့်ပါ ဟူသော စကားအတိုင်း ရန်သူတို့မှာလည်း တဖြည်းဖြည်း ယိုယွန်းပျက်စီးလာနေသည်။ ပြည်သူအပေါ် ပုန်ကန်မိသည် ဖြစ်သောကြောင့် ၎င်းတို့၏ပျက်စီးမှုမှာ ပိုမြန်စေ၏။

မိမိတို့၏ ခုခံတော်လှန်စစ်မှာလည်း ပြောက်ကျားစစ်မှ စစ်ပြိုင်ကာလသို့ တဖြည်းဖြည်း ရောက်ရှိလာနေပြီဖြစ်သည်။ ပြောက်ကျားစစ်၏ အဓိက အချိန်ကာလကြီးသုံးခုမှာ-

(၁) မဟာဗျူဟာ ခံစစ်ကာလ

(၂) မဟာဗျူဟာ တန်ပြန်ထိုးစစ်အကြိုကာလ

(၃) မဟာဗျူဟာ တန်ပြန်ထိုးစစ်ကြားကာလ

ဟူရွေ့ဖြစ်ရာ ပထမအဆင့်မှ ဒုတိယအဆင့်သို့ ကူးပြောင်းလုဆဲကာလဟု ဆိုရမည်ဖြစ်သည်။

ထိုအဆင့်နောက်တွင် သမားရိုးကျစစ်ပွဲများ ဆင်နွှဲကာ နယ်မြေစိုးမိုးရမည်ဖြစ်ရာ အပေါ့စား မြေပြင်ပစ်အမြောက်များ တွဲဖက်တပ်ဆင်ထားသော သမားရိုးကျတပ်ဖွဲ့များ လိုအပ်ပေသည်။

ဦးဆောင်အဖွဲ့များအနေနှင့် နိုင်ငံတကာဆက်ဆံရေးများနည်းတူ လက်နက်တပ်ဆင်နိုင်ရေးကို အရေးတကြီး ကြိုးစားရမည်ဖြစ်သလို သမားရိုးကျစစ်ပွဲ တိုက်ခိုက်နိုင်သော မြေပြင်တပ်ဖွဲ့များလည်း စုစည်းရမည်ဖြစ်သည်။ တပ်ဖွဲ့စုစည်းရာတွင် တပ်သားများအား နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက် မြင့်မားအောင် ဦးစွာ ပြုစုပျိုးထောင်ရန် အလွန်အရေးကြီးပေသည်။ မှန်ကန်တိကျသည့် နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်အတွက် တိုက်ပွဲများ၊ ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ကို တပ်သားများ မှန်ကန်စွာ သဘောပေါက်စေရမည် ဖြစ်သည်။

“ခိုင်မှာသည့် စစ်တပ်တခု ဖွဲ့စည်းရန် တပ်သားများအား သူတို့ ဘာကြောင့် ရန်သူ့ အမြောက်ဆန်အောက်မှာ အသက်ပေး တိုက်ခိုက်သင့်တယ်ဆိုတဲ့ အကြောင်းပြချက်ပဲလိုတယ်” ဆိုသည့် စကားအား သတိမူသင့်သည်။

ဦးဆောင်သူများကိုယ်တိုင် ထိုအကြောင်းပြချက်အတွက် အသက်စွန့်ရန် အသင့်ရှိရမည်လည်း ဖြစ်သည်။

ထိုသို့ ကြိုးစားနိုင်လျှင် နိုင်ငံတကာဆက်ဆံရေး တိုးတက်ကောင်းမွန်သလို ပြည်သူတို့၏ တခဲနက် ထောက်ခံမှုရထားသော ဦးဆောင်သူများအနေနှင့် ခိုင်မာတောင့်တင်းသည့် လက်နက်ကိုင်တပ်မတော်တခု အမြန်ဖွဲ့စည်းနိုင်မည် ဖြစ်သည်။

ဒေသခံပြောက်ကျားတပ်ဖွဲ့များကိုမူ နယ်မြေသိမ်း တွဲဖက်စစ်ဆင်ရေးများမှလွဲ၍ လွတ်လပ်စွာ စစ်ဆင်ခွင့်ပေးရမည် ဖြစ်သည်။ ဗီယက်နမ်စစ်ပွဲအတွင်းက ဗီယက်ကောင်း ပြောက်ကျားများ၏ နောက်တွင် ခိုင်မာတောင့်တင်းသော မြောက်ဗီယက်နမ်တပ်မတော် ရှိသည်ကို ဂရုပြု လေ့လာသင့်၏။

ထိုသို့ စနစ်တကျ တည်ဆောက်ပြင်ဆင်ပြီး ပြည်သူ့ထောက်ခံမှုအင်အား၊ နိုင်ငံတကာ ဆက်ဆံရေးများ၊ အချင်းချင်းစည်းလုံးညီညွတ်မှုများနှင့်အတူ ဇွဲကောင်းစွာ ဉာဏ်ပညာရှေ့ထား တွန်းလှန်မည်ဆိုလျှင် မိမိတို့၏ နွေဦးတော်လှန်ရေး တဖြစ်လည်း ၂၁ ရာစု၏ ပဒေသရာဇ် ခေတ်ပြောင်းတော်လှန်ရေးသည် ဧကန်မုချ အောင်ပွဲခံရမည်ပင် ဖြစ်ပေသည်။

ညိုသူ

5 mins Ago
Up