close

ဒီးမော့ဆို

close

April 29, 2023

ဒီးမော့ဆိုမြို့နယ်၌ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်များပျက်စီး

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်း စစ်ဘေးရှောင်တွေ နေထိုင်ရာ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီ ၂၉ ရက် ဒီမနက်ကနေ နေ့လယ်ပိုင်းထိ တိုက်ခိုက်ရေး ဂျက်လေယာဉ်ကို အသုံးပြုကာ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ဖျက်အားပြင်း ဟောင်၀စ်ဇာအမြောက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မျက်မြင်သက်သေ ဒေသခံတဦးက “ဒီကနေ့ မနက်ပိုင်းက စတင်ပြီး တိုက်လေယာဉ် နှစ်စီးလာပြီး ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာရှိတဲ့ ၁၁ မိုင်ကုန်းနဲ့ လတိမ်ကျေးရွာဘက်ကို ဗုံးလာကြဲသွားတယ်။ ” လို့ ပြောပါတယ်။

ဧပြီ၂၇ ရက် ညပိုင်းကလည်း ဗုံးတခါလာကြဲလို့ ရွာရဲ့ အဝေးမှာရှိတဲ့ PDF စခန်းကုန်းတခုပျက်စီးပြီး ရဲဘော်တဦးကျတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကိုလည်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။

ဒီဧပြီလပိုင်းအတွင်းမှာ စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒေါဒမကြီး တိုက်နယ်ဆေးရုံ၊ ဖယ်ခုံမြို့နယ်အတွင်းက ဆောင်းဖွေဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆေးဝါးကုသမှုခံယူနေတဲ့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရသေဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတဦးက “ဒီလအတွင်းမှာပဲ ဆောင်းဖွေးနဲ့ ဒေါဒမကြီးဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရတယ်။ ဟိုနေ့ကလည်း PDF စခန်းကုန်းတစ်ခု ဗုံးကြဲ တိုက်ခိုက်ခံရတယ်။ ဒီနေ့တော့ ၁၁ မိုင်ကုန်း၀န်းကျင်ကို အကြိမ်ကြိမ်ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ထုတယ်။ လေယာဉ်က ကင်းထောက်နေတာလား၊ ပစ်မှတ်ရှာနေတာလား မသိဘူး ဝဲပျံနေတော့ အပျက်အစီးအခြေအနေကိုတော့ မသိရသေးဘူး”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း ကယား(ကရင်နီ)ပြည်နယ်အတွင်းကို လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၁၀ ကျော်ပြုလုပ်ခဲ့တယ်လို့ ဧပြီ ၁ ရက်နေ့က ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားပါတယ်။ 

လက်ရှိလေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်တွေဟာ ဘေးကင်းရာကို ထပ်မံရွှေ့ပြောင်းနေပါတယ်။

6 days Ago

ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ဧပြီ ၂၇ ရက် ည ၁၁ နာရီလောက်က စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတာအ​ပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်လို့ လူထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“မနေ့ညနေ ၆ နာရီကျော်လောက်က လက်နက်ကြီးနှစ်လုံး အရင်ထုတယ်၊ ည ၁၁ လောက်ကျတော့ လေယာဥ်နဲ့ ဗုံးကြဲတယ်၊ လက်နက်ကြီးနဲ့လည်း ဆက်တိုက်ထုတယ်၊ လူတယောက်ထိတယ်လို့တော့ ကြားတယ်။ သူတို့ကတော့ လုပ်ချင်ရာလုပ်နေကြတာပဲ။”

လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်လို့ ထိခိုက်သူတွေလည်းရှိနေပြီး တဦးသေဆုံးတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြုလုပ်နေပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပေါင်း အကြိမ် ၃၁၀ ပြုလုပ်ခဲ့ပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ စစ်ဘေးရှောင်အရေအတွက် ၁၃၄ ဦး ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဧ​ပြီ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

6 days Ago

April 21, 2023

ဒီးမော့ဆိုနှင့် ဆီဆိုင်မြို့နယ်တို့တွင် မိုးသီးများကျ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းအနီးမှာ ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ် ၁ နာရီ ၁၀ မိနစ်လောက်က လောက်စာလုံးခန့်အရွယ်ရှိ မိုးသီးတွေ ကျရောက်ခဲ့တယ်လို့ Job for kayah မှ တာဝန်ရှိသူက ပြောပါတယ်။

“မိုးမရွာဘဲနဲ့ မိုးသီးတွေပဲကျလာတာ။ တနေရာပဲကွက်ပြီး ကျတာ။ မိုးသီးက စစ်ရှောင်စခန်းအကျော်နား ကျတာဗျ။ ဘယ်သူမှ ထိခိုက်မိတာမရှိဘူး။ တဲတွေ ထိခိုက်ပျက်စီးတာတွေလည်း မရှိဘူး။”

မိုးသီးတွေက မိုးမရွာဘဲနဲ့ မိုးအုံ့ပြီး ဒီတိုင်းကို ၁၅ မိနစ်လောက် မိုးသီးတွေကြွေကျကာ စစ်ရှောင်စခန်းအနီးနားမှာတော့ မိုးအုံ့ရုံလောက်ပဲဖြစ်ပြီး အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်ပေါ်နေပြီး မတ်လနောက်ဆုံးအပတ်ကစလို့ အပူချိန်လွန်ကဲမှုတွေလည်း ဖြစ်ပေါ်နေကာ အချိန်အခါမဟုတ် ကြီးမားတဲ့ မိုးသီးကျရောက်မှုတွေလည်း ရှိနေပါတယ်။

ဧပြီ ၂၀ ရက်ကလည်း မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ကျေးရွာအရှေ့ဘက်မှာ မိုးမရွာဘဲ မိုးသီးတွေ ကျရောက်ခဲ့ပါတယ်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ် ၂ နာရီလောက်က မိုးရွာသွန်းပြီး မိုးသီးအလုံးကြီးတွေကျလို့ အပင်တွေ ထိခိုက်ကုန်တယ်လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

“မိုးသီးလုံးတွေက အကြီးကြီးပဲ၊ ကျတော့ အိမ်ကစိုက်ထားတဲ့အပင်တွေတော့ စိစိညက်ညက် ကြေကုန်တာ၊ အပြင်မှာရောက်နေရင်တော့ အတော်နာနိုင်တယ်ဗျ၊ အလုံးတွေက အကြီးကြီးတွေ။”

မိုးရွာသွန်းချိန်မှာတော့ အပူသက်သာပြီး နေလို့ထိုင်လို့ကောင်းပေမဲ့ တနိုင်တပိုင်စိုက်ထားတဲ့ အပင်လေး​​တွေတော့ မိုးသီးဒဏ်ကြောင့် ပျက်စီးကုန်တယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

မိုးရွာသွန်းမှုကြောင့် နေအိမ်အချို့ ပေါက်ပြဲမှုနဲ့ အပင်တွေ ထိခိုက်ပျက်စီးတယ်လို့ သိရပြီး နေအိမ်ထိခိုက်မှု အရေအတွက်ကိုတော့ ဒီဗွီဘီအနေနဲ့ စိစစ်နေဆဲဖြစ်ပါတယ်။

ဧပြီ ၁၇ ရက်က ဆီဆိုင်မြို့နယ်ရှိ ကျေးရွာတခုမှာ မိုးသက်​​လေပြင်းကြောင့် နေအိမ် ၃၀ ကျော် ထိခိုက်မိတယ်လို့ သိရပါတယ်။

ဧပြီ ၂၀ ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်နဲ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ကျေးရွာအရှေ့ဘက်မှာ မိုးသီးတွေကျတယ်လို့ သိရပါတယ်။

2 weeks Ago
Up