ကမ္ဘာအနှံ့က စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကနေ ဘေးလွတ်ရာကိုထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို အမေရိကန်နိုင်ငံသားတွေအနေနဲ့ခေါ်ယူပြီး ငွေကြေးထောက်ပံ့ တိုက်ရိုက်ကူညီပေးနိုင်မယ့် ရှေ့ပြေးစီမံကိန်းတစ်ခုကို ဇန်နဝါရီလ ၁၉ ရက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
Welcome Corp လို့ နာမည်ပေးထားတဲ့ ဘိုင်ဒန်အစိုးရက စွန့်ဦးဖန်တီးလိုက်တဲ့ ဒီအစီအစဉ်သစ်ဟာ အမေရိကန်ရဲ့ ဒုက္ခသည်များဆိုင်ရာမူဝါဒမှာလည်း ကြီးမားတဲ့အပြောင်းအလဲတွေ ရှိလာစေနိုင်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အမေရိကန်မှာ လာရောက်အခြေချခွင့်ရခဲ့တဲ့ ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ပံ့ရေးရံပုံငွေကနေ ရရှိနေတဲ့ အကျိုးအမြတ်မရည်ရွယ်တဲ့ အဖွဲ့အစည်း (Nonprofit Organization) ကိုးခုကပဲ နေရာချထားရေးဆောင်ရွက်ပေးနေခဲ့တာ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံမှာ ကာလကြာရှည်ဆောင်ရွက်နေခဲ့တဲ့ စနစ်ကို နမူနာယူဖန်တီးထားတဲ့ ဒီအစီအစဉ်သစ်အရ အနည်းဆုံး ၅ ယောက်ပါဝင်တဲ့ အမေရိကန်နိုင်ငံသားအဖွဲ့က ဒုက္ခသည်တစ်ယောက်စီအတွက် အမေရိကန် ဒေါ်လာ ၂၂၇၅ စုဆောင်းပြီးပါက နောက်ကြောင်းရာဇဝင်စစ်ဆေးဆောင်ရွက်ပြီး၊ ရောက်ရှိလာမယ့်ဒုက္ခသည်ကို ဘယ်လိုကူညီမယ်ဆိုတဲ့ အစီအစဉ်ကို ရေးဆွဲတင်ပြရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ခွင့်ပြုချက်ရရှိထားတဲ့ ထောက်ပံ့ကူညီမှုတွေကို အရင်က ပြန်လည်နေရာချထားရေးအေဂျင်စီတွေ ဆောင်ရွက်ခဲ့တဲ့ ဒုက္ခသည်ရောက်ရှိလာပြီးနောက် အနည်းဆုံးရက်ပေါင်း ၉၀ အတွင်းမှာ သူတို့အတွက် နေစရာအိမ်နဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ သူတို့ရရှိရမယ့် အစိုးရထောက်ပံ့မှုတွေလို အခြေခံလိုအပ်ချက်တွေရရှိရေးမှာ အသုံးပြုရမှာဖြစ်ပါတယ်။
ဒီအစီအစဉ်ရဲ့ ပထမအသုတ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုချက်ရရှိထားပြီးထားတဲ့ ထောက်ပံ့ကူညီမှုတွေကို ၂၀၂၃ ခုနှစ် နှစ်လယ်မှာ အမေရိကန်ကို လာရောက်ဖို့ စိစစ်ရွေးချယ်ထားပြီးတဲ့ ဒုက္ခသည်တွေနဲ့ ချိတ်ဆက်ပေးမှာဖြစ်ပြီး ထောက်ပံ့ကူညီပေးသူတွေကို သူတို့ကူညီလိုတဲ့သူကို ရွေးချယ်ခွင့်ပေးဖို နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်ချက်မှာ Welcome Corps အစီအစဉ်ကြောင့် အမေရိကန်မှာ လက်ခံမယ့် ဒုက္ခသည်အရေအတွက် တိုးမြှင့်နိုင်မှာဖြစ်ပြီး ဆယ်စုနှစ် လေးခုအတွင်းမှာ ဒုက္ခသည်ပြန်လည်နေရာချထားရေးအတွက် အကြီးမားဆုံး ဆန်းသစ်ပြောင်းလဲမှုဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်က ပြောခဲ့ပါတယ်။
“ဒီအစီအစဉ်ဟာ ဘာသာရေးနဲ့ လူမျိုးရေးအဖွဲ့အစည်းတွေ၊ စစ်ပြန်စစ်မှုထမ်းဟောင်းတွေ၊ လူမျိုးခြားအသိုင်းအဝိုင်းတွေ၊ စီးပွားရေးနဲ့ ပညာရေးအသိုင်းအဝိုင်းတွေအစရှိတဲ့ အလွှာအသီးသီးက ထောက်ပံ့ကူညီပေးလိုတဲ့ အမေရိကန် နိုင်ငံသားတွေရဲ့ အင်အားနဲ့ စွမ်းရည်တွေ စုပေါင်းရောစပ်ပြီး ဒုက္ခသည်များဆိုင်ရာ အမေရိကန် ပရိုဂရမ် ကို ပိုမိုအားကောင်းလာအောင်၊ ပိုမိုကျယ်ပြန့်လာအောင် စီမံဖန်တီးထားတာပါ” လို့ ဘလင်ကန်က ပြောပါတယ်။
Welcome Corp အစီအစဉ်ရဲ့ ပထမနှစ်မှာ ဒုက္ခသည် အနည်းဆုံး ၅၀၀၀ အတွက် အထောက်ပံ့ကူညီပေးလိုသူ ၁၀၀၀၀ အထိရှာဖွေစုဆောင်းနိုင်ဖို့ မျှော်လင့်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
ဒုက္ခသည်များပြန်လည်နေရာချထားရေးမှာ အတွေ့အကြုံရှိတဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီရေးဆိုင်ရာ သင်တန်းတွေ၊ လိုအပ်တဲ့ ရင်းမြစ်တွေ ထောက်ပံ့ကူညီပေးရမှာဖြစ်ပြီး ဒုက္ခသည် ထောက်ပံ့ကူညီရေးအဖွဲ့တွေရဲ့ လုပ်ငန်းတွေကို အကဲဖြတ်စိစစ်ရေးတွေေမှာ ကြီးကြပ်ကွပ်ကဲပေးရမှာ ဖြစ်ပါတယ်။
ဒီ Welcome Corp အစီအစဉ်ဟာ ဒုက္ခသည်တွေနဲ့ မိသားစုနဲ့ ရွှေ့ပြောင်းနေထိုင်လိုသူတွေနဲ့ သူတို့ကို ငွေကြေးဆိုင်ရာထောက်ပံ့ပေးလိုတဲ့ အမေရိကန်ကလူတွေအတွက် ဘိုင်ဒန်အစိုးရက တရားဝင်ရွေ့ပြောင်းနေထိုင်ရေးဆိုင်ရာ လမ်းကြောင်းကို ထပ်မံချဲ့ထွက်ပေးခဲ့တာပဲဖြစ်ပါတယ်။
အာဖဂန်နစ္စတန်မှာ တာလီဘန်တွေတက်လာပြီးနောက် အမေရိကန်ကိုထွက်ပြေးလာခဲ့ကြတဲ့ ထောင်ပေါင်းများစွားသော အာဖဂန်တွေကို ပြန်လည်နေရာချထားပေးရေးအတွက်ကိုလည်း အနည်းဆုံးအမေရိကန်နိုင်ငံသား ၅ ယောက်ပါဝင်တဲ့ ထောက်ပံ့ကူညီရေးအဖွဲ့တွေကို ၂၀၂၁ ခုနှစ် နှောင်ပိုင်းမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ခွင့်ပြုခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ် အစောပိုင်းမှာ အမေရိကန်ကနေ ထောက်ပံ့ကူညီပေးမယ့်သူရှိရင် ရုရှားရဲ့ကျူးကျော်စစ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ယူကရိန်းတွေကို အမေရိကန်မှာ လာရောက်နေထိုင်ခွင့်ပေးမယ့် အစီအစဉ်ကိုလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အမေရိကန်အာဏာပိုင်တွေက ခွင့်ပြုပေးခဲ့ပါတယ်။ အစိုးရက ထုတ်ပြန်တဲ့အချက်အလက်တွေအရ အဲဒီအစီအစဉ်နဲ့ အမေရိကန်ကိုရောက်လာခဲ့သူ ၁၀၀၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရပါတယ်။
အဲဒီနည်းလမ်းအတိုင်း ကျူးဘား၊ ဟေတီ၊ နီကာရာဂွာနဲ့ ဗင်နီဇွဲလားနိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်လိုသူတွေ တောင်ပိုင်း နယ်စပ်ကနေ နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်လာခြင်းကနေ ကာကွယ်တားဆီးရေးအတွက်ရည်ရွယ်ပြီး အမေရိကန်နိုင်ငံကနေ ထောက်ပံ့ကူညီပေးမယ့်သူရှိရင် နိုင်ငံမှာ လာရောက်နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်ကို အမေရိကန်အာဏာပိုင်တွေက ထပ်မံခွင့်ပြုခဲ့ကြပါတယ်။
ယူကရိန်းနိုင်ငံသားတွေလိုပဲ အဲဒီနိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေဟာလည်း လွတ်ငြိမ်းချမ်းသာခွင့်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ အမေရိကန်နိုင်ငံအတွင်းမှာ ယာယီအလုပ်လုပ်ကိုင်နေထိုင်ခွင့် တရားဝင်ရရှိကြမှာဖြစ်ပါတယ်။
Welcome Corp အစီအစဉ်ဟာ ပုံမှန် ဒုက္ခသည်လက်ခံရေးအစီအစဉ်တွေအတိုင်း ဆောင်ရွက်မှာဖြစ်လို့ ဒီအစီအစဉ်နဲ့ လာရောက်ကြမယ့် ဒုက္ခသည်တွေကတော့ လွတ်ငြိမ်းချမ်းသာခွင့်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ လာရောက်ခဲ့သူတွေလို ယာယီမဟုတ်ဘဲ အမြဲတမ်းနေထိုင်ခွင့်နဲ့ အမေရိကန်နိုင်ငံသားဖြစ်ခွင့်တွေကို ရရှိနိုင်ကြမှာဖြစ်ပါတယ်။
၁၉၈၀ ပြည့်နှစ်မှာ တရားဝင်စတင်ဖန်တီးခဲ့တဲ့ အမေရိကန်ဒုက္ခသည်လက်ခံရေး အစီအစဉ်ကြောင့် လက်နက်ကိုင်တိုက်ပွဲတွေ၊ တိုင်းရင်းသားဖိနှိပ်ခံရတာနဲ့ တခြားသောအကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာခဲ့ကြသူ ၃ သန်းအတွက် ငြိမ်းချမ်းတဲ့ဘဝကို ဖန်တီးပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်မရခင်မှာ နှစ်နဲ့ချီကြာတဲ့ အင်တာဗျူးဖြေတာတွေ၊ လုံခြုံရေးနဲ့ ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုတွေ အစရှိတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ကြရပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ ထရမ့်လက်ထက်က ဖြတ်တောက်မှုတွေကြောင့် ယိုင်နဲ့အားနည်းသွားခဲ့တဲ့ အမေရိကန်ရဲ့ ဒုက္ခသည်လက်ခံရေးစနစ်ကို ပြန်လည်ပြင်ဆင်ဖို့ သမ္မတဘိုင်ဒန်က ကတိပြုခဲ့ပေမဲ့ သူ့ရဲ့အစိုးရကတော့ ဒုက္ခသည်လက်ခံရေးမှာ ကိုဗစ်ကပ်ရောဂါမတိုင်မီကာလတွေက အခြေအနေကို မီအောင်ရော သူ့ရဲ့မြင့်မားတဲ့ ရည်မှန်းချက်တွေကိုမီအောင်ပါ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အမေရိကန်မှာ ဒုက္ခသည်စုစုပေါင်း ၂၅၄၆၅ ကို လက်ခံခဲ့ပြီး ဒါဟာ သမ္မတဘိုင်ဒန်က သတ်မှတ်ထားတဲ့ ၁၂၅၀၀၀ ရဲ့ ၂၀ ရာခိုင်နှုန်းသာဖြစ်ပါတယ်။
၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ပထမ သုံးလမှာလည်း ဒုက္ခသည် ၁၂၅၀၀၀ ကို လက်ခံဖို့ သတ်မှတ်ထားပေမဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ အခုချိန်ထိ ဒုက္ခသည် ၇၀၀၀ တောင် ပြည့်အောင်လက်မခံရသေးပါဘူး။
ကိုဗစ်ကပ်ရောဂါကြောင့် ဒုက္ခသည်လက်ခံရေးနဲ့ အင်တာဗျူးလုပ်ငန်းစဉ်တွေ နှေးကွေးသွားခဲ့သလို ဒုက္ခသည်တွေဟာ အမေရိကန်ရဲ့ စီးပွားရေး၊ နိုင်ငံလုံခြုံရေးနဲ့ ယာဉ်ကျေးမှုအတွက် ခြိမ်းခြောက်မှုတွေဖြစ်တယ်လို့ ပြောခဲ့တဲ့ သမ္မတထရမ့်ရဲ့ မူဝါဒညွှန်ကြားချက်တွေကြောင့် ပိုပြီးတော့ သိသာထင်ရှားစွာ လျော့နည်းသွားခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွင် လက်ခံမည့်ဒုက္ခသည် အရေအတွက်ကို သမိုင်းတစ်လျှောက်အနည်းဆုံးအရေအတွက်ဖြစ်တဲ့ ၁၅၀၀၀ အထိလျော့ကျသွားအောင် ထရမ့်အစိုးရလက်ထက်မှာ ဒုက္ခသည်လက်ခံရေးကို လျော့ချခဲ့ကြပါတယ်။
ပြန်လည်နေရာချထားရေးဆိုင်ရာ သတ်မှတ်ချက်တွေကိုလည်း ပိုပြီးတင်းကျပ်ခဲ့သလို ဒုက္ခသည်ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်ပြီး ပြည်နယ်တွေကိုလည်း ဗီတိုအာဏာပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
စည်းကမ်းတင်းကျပ်မှုတွေနဲ့ ရာဇဝင်တွင်အောင်နည်းခဲ့တဲ့ အရေအတွက်သာ လက်ခံမှုတွေကြောင့် နိုင်ငံအနှံ့က ဒုက္ခသည်ပြန်လည်နေရာချထားရေး အေဂျင်စီတွေမှာ ဝန်ထမ်းလျော့ချရတာတွေ၊ ရုံတွေပိတ်ပစ်ရတာတွေ ကြုံခဲ့ကြရပါတယ်။
အမေရိကန် ဒုက္ခသည်လက်ခံရေးစနစ်ကို ဘိုင်ဒန်အစိုးရက ပြန်တည်ဆောင်ဖို့ ကြိုးစားနေစဉ်မှာပဲ ကမ္ဘာအနှံ့က အကြမ်းဖက်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူအရေအတွက်ဟာလည်း သမိုင်းတစ်လျှောက် အများဆုံးအဖြစ် သန်း ၁၀၀ ကျော်သွားခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီးနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အထူးသံတမန် အိန်ဂျလီနာဂျိုလီဟာ အာဖရိကန် အနောက်ပိုင်းရှိ ဘာကီနာဖှာဆိုနိုင်ငံ ဂူဒေဘူမြို့ကို ဇွန် ၂၀ ရက်က သွားရောက် လည်ပတ်ပါတယ်။
အကြမ်းဖက်မှုထူပြောတဲ့ ဒေသအတွင်း ကမ္ဘာ့ဒုက္ခသည်နေ့အထိမ်းအမှတ် သွားရောက် လည်ပတ်တာပါ။
မာလီနိုင်ငံက မလုံခြုံမှုကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထားရှိရာ စခန်းထဲက မာလီဒုက္ခသည်တွေဟာ ဘာကီနာဖှာဆိုနိုင်ငံမှာလည်း အလားတူ အခြေအနေကိုသာ တွေ့ကြုံ နေရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
ဇွန်လအစောပိုင်းက နိုက်ဂျာနိုင်ငံနဲ့ နယ်စပ်က ယာဂါခရိုင်ဆိုဟန်ရွာကို စစ်သွေးကြွတွေ တိုက်ခိုက်လို့ လူ ၁၃၂ ယောက် သေဆုံးပါတယ်။
ဂျိုလီက “တခြားနိုင်ငံတွေက ဒုက္ခသည်တွေအတွက် နယ်စပ်တွေကိုရော သူတို့ရဲ့စိတ်တွေကိုပါ ပိတ်ထားချိန်မှာ ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ စိန်ခေါ်မှုတွေ ရှိလျက်နဲ့ ရှိတာလေး နည်းနည်းကို မျှဝေပေးပြီး နေရပ်ရွှေ့ပြောင်းရတဲ့ မောင်နှမတွေကို ကြိုဆိုပေးတဲ့ ဘာကီနာဖှာဆို ပြည်သူတွေနဲ့အတူ သွေးစည်းကြောင်းပြဖို့ ကျမ ဒီကို ရောက်နေတာပါ”လို့ ပြောပါတယ်။
အနောက်အာဖရိကမှာရှိတဲ့ ဆာဟဲဒေသ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးတဲ့ ဦးရေဟာ ၂ နှစ်အတွင်း လေးဆတိုးလာပြီး လူ ၂ သန်းဟာ သူတို့နိုင်ငံတွေကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလဒုက္ခသည်အေဂျင်စီက ဒီနှစ်အစောပိုင်းမှာ ပြောထားပါတယ်။
အယ်လ်ကေဒါနဲ့ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွတွေဟာ ဆာဟာရ ဒေသအတွင်း လက်တံချဲ့လာပြီး ဘာကီနာဖှာဆို၊ မာလီနဲ့ နိုက်ဂျာနိုင်ငံတွေက တိုင်းရင်းသား ပဋိပက္ခတွေကို မီးထိုးပေးနေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။