ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဇန်နဝါရီ ၂၆ ရက်နေ့က မြို့မရဲစခန်းကနေ တရားခံသွားဖမ်းတဲ့ ကားမှောက်ပြီး ဒုစခန်းမှ နံရိုးကျိုးကာ နယ်ထိန်းတဦး ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
မအူပင်မြို့မရဲစခန်းက ဒုစခန်းမှူး ရဲအုပ်ဝင်းမြင့်နဲ့ အမှတ် ၁ ရပ်ကွက်နယ်ထိန်းတို့ ကျုံးစုတ်ကျေးရွာဘတ် တရားခံသွားဖမ်းချိန်မှာ ကားတိမ်းမှောက်ခဲ့တာကြောင့် ဒဏ်ရာတွေရရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ကားကရဲကားမဟုတ်ဘူး၊ အိမ်စီးကားသေးသေးလေးနဲ့မှောက်တာ၊ သူတို့ဘာ သူတို့မှောက်တာ၊ ဒုစခန်းမှူးကတော့ နံရိုးတွေကျိုးသွားတယ်” လို့ ဒေသခံမျက်မြင်တဦးက ပြောပါတယ်။
တရားခံသွားဖမ်းချိန်မှာ အသုံးပြုခဲ့တဲ့ကားဟာ PDF လို့ စွပ်စွဲဖမ်းဆီးခံထားရသူရဲ့ ကားလည်းဖြစ်တယ်လို့ ဆိုပါတယ်။
မအူပင်မြို့မှာ ဇန်နဝါရီလထဲမှာပဲ တရားခံသွားဖမ်းချိန် ဓားနဲ့ပြန်ခုတ်တာခံရလို့ နယ်ထိန်းတဦး ဆေးရုံတင်ထားရသေးတယ်လို့ သိရပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အေးမြသာယာနယ်မြေရဲစခန်းမှ စခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ်သိန်းထွန်းဝင်းနဲ့ ရဲတပ်သား အာကာမင်းမင်းတို့ CDMမှာ ပူးပေါင်းပါဝင်လာကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်အောက် ရဲလုပ်ငန်းတာဝန်တွေ ဆောင်ရွက်ခြင်း မပြုလုပ်နိုင်တာကြောင့် CDMမှာ ပူးပေါင်းပါဝင်လာကြတာဖြစ်ပါတယ်။
အုတ်ဖိုမြို့နယ်မှာ အခုဆိုလျှင် CDMသို့ ပူးပေါင်းပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။
အုတ်ဖိုမြို့နယ်မှာ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများ အပါဝင် CDM ပြုလုပ်နေသောဝန်ထမ်း ၁၀၀၀ လောက် ရှိတယ်လို့သိရပါတယ်။