မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာ၊ ဘုန်းတော်ကြီးသင် ရွှေရန်လင်းမင်းကျောင်း စာသင်တိုက်က ကိုရင် ၅ ပါးဟာ ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီလောက်က ဒုဋ္ဌဝတီမြစ်ထဲ ရေဆင်းကူးရာက ၅ ပါးစလုံး ရေနစ်ခဲ့ပြီး ၄ ပါးကို ကယ်နိုင်ပေမဲ့ ၁ ပါး ပျောက်ဆုံးသွားခဲ့ပါတယ်။
ကိုရင် ၅ ပါးအနက် ၄ ပါးကို ဒေသခံတွေက အဲဒီနေ့ညနေမှာပဲ အသက်ရှင် ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးခဲ့တဲ့ ကိုရင် ၁ ပါး ရုပ်အလောင်းကိုတော့ ဖေဖော်ဝါရီ ၂၀ ရက် ဒီမနက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ မန္တလေးတိုင်း ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။
“ဘ/က ကျောင်းက ကိုရင်လေး ၅ ပါးက ဒုဋ္ဌဝတီမြစ်ထဲမှာ ရေဆင်းဆော့နေရင်း ရေနစ်မှု ဖြစ်ပွားခဲ့တာပါ။ ၄ ပါးကတော့ နီးစပ်ရာကနေ အသက်ရှင်ရက် ကယ်ဆယ်နိုင်ခဲ့တယ်ပေါ့။ အဲ့ဒီမှာ တပါးပျောက်ဆုံးနေတယ်လို့ တိုင်းရုံးရေငုပ်အဖွဲ့ကို အကူအညီတောင်းတဲ့အတွက် သွားရှာကြတာ ည ၈ နာရီ ၃၀ လောက်အထိ ရှာပေမဲ့ မတွေ့ခဲ့ပါဘူး။ မြစ်ရေက ပုံမှန်ပါပဲ၊ တအားကြီး နက်မနေပါဘူး။ ဒီနေ့မနက်တော့ အဲ့ဒီနစ်တဲ့နေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ အလောင်း ပြန်တွေ့ပါပြီ” လို့ မန္တလေးတိုင်း ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
မြစ်ထဲရေဆင်းကူးသူ ၅ ပါးစလုံးဟာ အသက် ၁၃ နှစ်မှ အသက် ၁၅ နှစ်အရွယ်တွေဖြစ်ကာ သေဆုံးသွားသူဟာ အသက် ၁၃ နှစ်အရွယ် ကိုရင်ဩဒဿ ဖြစ်ပြီး အဲဒီနေ့ကလည်း ဒုဋ္ဌဝတီမြစ်ရေဟာ ပုံမှန်အခြေအနေပဲ ရှိတယ်လို့ သိရပါတယ်။
မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ တောင်ကိုင်းကျေးရွာအနီး ဒုဋ္ဌဝတီမြစ်အတွင်း ရေချိုးရာကနေ လူငယ် ၂ ဦး ရေနစ်ပျောက်ဆုံးခဲ့ရာ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာ တဦး ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
ရေနစ်ပျောက်ဆုံးသူ အမျိုးသား ၂ ဦးဟာ အသက် ၂၀ ကျော်ဝန်းကျင် လူငယ်တွေဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ရေနစ်ပျောက်ဆုံးသူ လူငယ်အမျိုးသား ၂ ဦးကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း - မန္တလေးတိုင်းဒေသကြီးရဲ့ Rescue Diver Team (Myanmar) က ရှာဖွေခဲ့ပြီး တဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း - မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူတဦးက “မနေ့က ၃ နာရီလောက်က ရေနစ်သွားတာလို့ ရုံးကို ဖုန်းဆက်အကူအညီတောင်းတယ်။ မနေ့ညကလည်း တခါငုပ်တယ်။ အခုမနက် ၈ နာရီကနေ ထပ်ငုပ်ပြီးရှာတယ်။ ၁၀ နာရီလောက်မှာ တဦးတွေ့ပြီး ထပ်လည်းရှာနေတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်ကလည်း အသက် ၂၁ နှစ်အရွယ် အမျိုးသားတဦး ဒုဌဝတီမြစ်အတွင်း ရေဆင်းကူးရာကနေ သေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။