ဂျာမနီနိုင်ငံ မြူးနစ်ချ်မြို့က လူစည်ကားရာ အဓိက ဘူတာရုံတခုအနား တံတား တစင်းမှာ ဒုတိယကမ္ဘာစစ်ကျန် ဗုံးဟောင်းတလုံး ဒီဇင်ဘာ ၁ ရက်က ပေါက်ကွဲခဲ့လို့ လူ ၄ ယောက် ဒဏ်ရာရတယ်လို့ ရဲတွေက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောလိုက်ပါတယ်။
ဒဏ်ရာရသူ ၁ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ မြူးနစ်ချ် မီးသတ်ဌာနက ပြောပါတယ်။
ဂျာမနီမှာ ဒုတိယကမ္ဘာစစ်ပြီးတည်းက နှစ် ၇၀ ကျော်အတွင်း နှစ်စဉ် ဗုံးနဲ့ ခဲယမ်းမီးကျောက် တန်ချိန် ၂ ထောင်ကျော် ရှာတွေ့နေကျပါ။
အမေရိကန်နဲ့ ဗြိတိန်စစ်လေယာဉ်တွေဟာ ဂျာမနီကို ဗုံးတန်ချိန် ၁ သန်းခွဲ ကြဲချခဲ့လို့ လူ ၆ သိန်းလောက် သေဆုံးခဲ့ပါတယ်။
ဗုံးအားလုံးရဲ့ ၁၅ ရာခိုင်နှုန်းက မပေါက်ကွဲခဲ့ဘဲ တချို့ဗုံးတွေက မြေအောက် ပေ ၂၀ အနက်မှာ နစ်မြုပ်နေတယ်လို့ အရာရှိတွေက ခန့်မှန်းထားပါတယ်။
ပေါက်ကွဲတဲ့နေရာမှာ ဥမင်ဆောက်ဖို့ တွင်းတူးတာကြောင့် စစ်ကျန်ဗုံးက ပေါက်ခဲ့တာလို့ ရဲက ပြောပါတယ်။
အခုတော့ အဲဒီနေရာကို အရံအတားတွေ ကာထားပြီး နောက်ထပ် အန္တရာယ် မရှိတော့ဘူးလို့ ရဲက ဆက်ပြောပါတယ်။
ဗုံးလက်ကျန်တွေ ရှိ၊ မရှိ စစ်ဆေးဖို့ ဖောက်ခွဲရေး ပညာရှင်တွေကိုလည်း အခင်းဖြစ်ရာ နေရာကို ဆင့်ခေါ်ခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ဘူတာကို အသွားအပြန် ရထားခရီးစဉ်တွေကို ဆိုင်းငံ့ထားတယ်လို့ ရထား အာဏာပိုင်တွေက ပြောပါတယ်။ ရထားခုတ်မောင်းမှု ဘယ်တော့ပြန်စမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဂျာမနီက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ စစ်ကျန်ဗုံးတွေကို မကြာခဏ တွေ့နေပြီး ပညာရှင်တွေက ဖြုတ်သိမ်းတာ ဒါမှမဟုတ် ထိန်းချုပ် ဖောက်ခွဲတာတွေ လုပ်လေ့ရှိတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။