close

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်

close

January 18, 2023

ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ရဲချုပ်တို့ စစ်တွေမြို့သို့ ရောက်ရှိနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မလာရောက်မီ တရက်အလို ဇန်နဝါရီ ၁၇ ရက် နေ့လယ်က ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် နဲ့ ပြည်ထဲရေးဒုဝန်ကြီးလည်းဖြစ် ရဲတပ်ဖွဲ့ချုပ် ရဲချုပ် ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ ကြိုရောက်နေတယ်လို့ ပြည်နယ်ကောင်စီ တာဝန်ရှိသူတဦးက အတည်ပြု ပြောပါတယ်။

“မင်းအောင်လှိုင်က ၁၉ ရက်နေ့ စစ်တွေကိုလာမယ်လို့ သိရတယ်။ သူမရောက်မီ ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့က ဒီနေ့ နေ့လယ်ပိုင်းမှာ ကြိုရောက်နေကြတာ” လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်မှာပဲ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို ပြည်ထဲရေးဝန်ကြီးနေရာကနေ ဖယ်ရှားလိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ အစားထိုးခဲ့တာပါ။

ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်တာဝန်ကိုပါ ပူးတွဲထမ်းဆောင်စေခိုင်းထားခဲ့တဲ့ လူယုံတွေလည်း ဖြစ်ပါတယ်။

စစ်တွေမြို့ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းစစ်ဦးစီးချုပ် ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်နေ့ လာရောက်ကြမှာဖြစ်တဲ့အတွက် စစ်တွေမြို့ရှိ လမ်းဘေးစျေးဆိုင်တွေကို ဖြိုဖျက်ပြီး စစ်တွေလမ်းမကြီးကို အပူတပြင်း နိုင်လွန်ကတ္တရာ ခင်းနေကာ မြို့ပေါ်မှာ လုံခြုံရေးအပြည့် ချထားကြောင်း ဒေသခံတွေက ပြောပါတယ်။

“လောကနန္ဒာပုထိုးတော်ကြီးကို လာရောက်ဖူးမြော်မယ် ထင်တယ်ဗျ။ ဆေးရောင်တွေ အသစ်သုတ်ထားတယ်။ ဘုရားထဲက အဆောင်တွေမှာလည်း စစ်သားရာချီ ချထားတယ်။ လမ်းတွေကိုတော့ ကတ္တရာခင်းလိုခင်း၊ မျဥ်းကြားတွေ ဆွဲလိုဆွဲ အပူတပြင်း လုပ်ဆောင်နေကြတာ တွေ့နေရတယ်။”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ စစ်တွေကတဆင့် သံတွဲ၊ ကျောက်ဖြူနဲ့ ထိုင်းနိုင်ငံရဲ့ နည်းပညာနဲ့ တည်ဆောက်မယ့် ဂွမြို့နယ်ရှိ လေအားလျှပ်စစ် ထုတ်လုပ်ရရှိနိုင်မှုကို သွားရောက်ကြမယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်တော် (အေအေ) ခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင်တို့ ဆွေးနွေးဖို့ လာရောက်တာ ဖြစ်နိုင်ကြောင်း ဒေသတွင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

2 mins Ago

February 11, 2020

ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး 

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ခန့်အပ်တာဝန်ပေးလိုက်တဲ့အကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၁၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။  ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၃၂ ၊ ၂၃၅  ပုဒ်မခွဲ (ဃ) နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၂ ပါ ဥပဒေပြဋ္ဌာန်းချက်တွေအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အကြောင်း သမ္မတဦးဝင်းမြင့် လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။  လစ်လပ်နေတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ခန့်အပ်တာဝန်ပေးဖို့ မနေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အရင်ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဟာ မူလစစ်ဘက်တာဝန်တွေ ထမ်းဆောင်မှာဖြစ်တဲ့အတွက် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
3 years Ago
Up