close

ဒုရဲအုပ်

close

February 20, 2023

မိုးကုတ်မြို့တွင် ဒုရဲအုပ် ၁ ဦး ပစ်ခတ်ခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ စျေးကြီးအနီးမှာ အရပ်ဝတ်နဲ့ ပြည်သူအသွင်ယူထားတဲ့ ဒုရဲအုပ်တယောက်ကို မိုးကုတ်မြို့နယ် ပကဖက ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၁ နာရီကျော်လောက်က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အဆိုပါပစ်ခတ်မှုမှာ ပြည်သူ့ကာကွယ်ရေးဘက်က ကင်းထောက်တယောက်နဲ့ ပစ်တဲ့သူတယောက်၊ ဆိုင်ကယ်မောင်းတဲ့သူတယောက် စုစုပေါင်း ၃ ယောက် အသုံးပြု တိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

“ကျနော်တို့ ဒီပုဂ္ဂိုလ်ကို ပစ်ခတ်နိုင်ဖို့ တပတ်လောက်အထိ အချိန်ယူခဲ့ရပါတယ်ဗျ။ သူက မိုးကုတ်မြို့ စစ်ဆေးရေးဂိတ်တွေမှာလည်း စစ်ဆေးတာတွေရှိတယ်။ နောက်ပြီး သူက စစ်ဆေးရေးဂိတ်တွေမှာ ပြည်သူတွေကို လူလိုမဆက်ဆံဘဲ အမြဲရိုက်နေတဲ့ကောင်ပါ။ ကျနော်တို့ ပစ်ခတ်ခဲ့တာက သေနတ်ကျည် ၃ ချက်နဲ့ ပစ်ခတ်ခဲ့တယ်ဗျ။ လက်မောင်းတချက်၊ နောက်ကျောကုန်းတချက် ထိမှန်တယ်လို့ ကျနော်တို့ ပြန်သိထားရတယ်။ သေမလား၊ ရှင်မလားတော့ စုံစမ်းနေဆဲပါပဲဗျ။ ဆိုင်ကယ်မောင်းနေရင်း ပစ်ရတာဆိုတော့ လိုအပ်ချက်တွေ ရှိသွားလို့ ကျနော်တို့ဘက်က အတိအကျ မပြောနိုင်ရတာပါ” လို့ မိုးကုတ်မြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် မင်းမနိုင်က ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ပစ်ခတ်ခံရသူဟာ ဒုရဲအုပ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောဆိုပေမဲ့  စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့သူတွေကို စောင့်ကြည့်နေပြီး ပြည်သူအများအတွက်ရော၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအတွက်ရော လုံခြုံရေးနဲ့ တော်လှန်ရေးကို ထိပါးပြီး စစ်ကောင်စီကို သတင်းပေးပါက ထိရောက်စွာ ‌အရေးယူတာတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း မိုးကုတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

4 mins Ago

December 9, 2022

မိုးညှင်းတွင် ဒုရဲအုပ် ၂ ဦးကို PDF နှင့်ဆက်နွှယ်မှုဖြင့် စွပ်စွဲပြီး စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားနယ်မြေရဲစခန်းက ဒုရဲအုပ် ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီး အမှုဖွင့်ထားပါတယ်။

PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နန်းမားနယ်မြေရဲစခန်းက ဒုရဲအုပ် မျိုးကျော်နဲ့ ဒုရဲအုပ် သွင်အောင်တို့ကို နိုဝင်ဘာ ၁၅ ရက်က စတင်ဖမ်းဆီးထားကာ စစ်ကြောရေးစခန်းမှာ စစ်ဆေးပြီးနောက် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားတာလို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဖမ်းခံထားရတဲ့ ဒုရဲအုပ်နဲ့ နီးစပ်သူတဦးက “PDF နဲ့ ဆက်သွယ်လို့ဆိုပြီး နိုဝင်ဘာ ၁၅ ရက်နေ့က ဖမ်းသွားတယ်။ ဖမ်းပြီး မိုးညှင်းစစ်ကြောရေးမှာ စစ်ဆေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ပြီး မြစ်ကြီးနားထောင်ကို ပို့လိုက်တယ်လို့ သိရတယ်။ မိသားစုနဲ့ကတော့ ခုချိန်ထိ တွေ့ခွင့်မရသေးဘူး။ ပတ်သက်ရာ ပတ်သက်ကြောင်းတွေဆီက ကြားရတဲ့သတင်းပဲရှိတယ်” လို့ ပြောပါတယ်။

နန်းမားမြို့နယ်အတွင်း စက်တင်ဘာ ၂၉ ရက်က PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ပြည်သူနှစ်ဦးရဲ့ အိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ လမ်းပိတ်ဆို့ပြီး ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးခဲ့ပါတယ်။

2 months Ago
Up