close

ဒုသမ္မတဟောင်

close

September 10, 2021

နီကာရာဂွါ ဒုသမ္မတဟောင်းကို ဖမ်းဆီးရန် ရှေ့နေရုံး အမိန့်ချ

နီကာရာဂွါပြည်သူ့အစိုးရရှေ့နေရုံးက ထင်ရှားတဲ့စာရေးဆရာလည်းဖြစ်တဲ့ ဒုသမ္မတဟောင်း ဆာဂီယိုရာမီရက်ဇ်ကို ဖမ်းဆီးဖို့ စက်တင်ဘာ ၈ ရက်က အမိန့်ချလိုက်ပါတယ်။

တရားရုံး ထုတ်ပြန်တဲ့ကြေညာချက်အရ ရာမီရက်ဇ်ဟာ ငွေကြေးနဲ့ပိုင်ဆိုင်မှုတွေ ခဝါချမှု၊ အမျိုးသားရေး ဂုဏ်သိက္ခာကို ထိပါးတာ၊ လှုံ့ဆော်တာနဲ့  ပူးပေါင်းကြံစည်တာ စတာတွေနဲ့ စွဲချက်တင်ခံရတာပါ။ 

နီကာရာဂွါ ပြင်ပမှာရှိတဲ့ အသက် ၇၉ နှစ်အရွယ် စာရေးဆရာနဲ့ ဆာဗန်တေးစ် စာပေဆုရှင် ကတော့ သူ့အပေါ်စွပ်စွဲထားချက်ကိုသူ့ရဲ့တွစ်တာအကောင့်မှာတင်ထားတဲ့ ဗီဒီယိုကနေ ပယ်ချထားပါတယ်။

 “အာဏာရှင်တွေဟာ တွေးခေါ်သိမြင်နိုင်မှု မရှိဘူး။ သူတို့ရဲ့အလိမ်အညာတွေ၊ အမုန်းတရားတွေ၊ စိတ်ကူးယဉ်ထားတာတွေကိုပဲ ထပ်တလဲလဲ ပြောနေတာ” လို့ ရာမီရက်ဇ်က ပြောပါတယ်။ 

သတင်းစာပညာအတွက် နည်းပညာပံ့ပိုးမှုပေးတဲ့ NGO အဖွဲ့ ဗီအိုလက်တာ ဘာရီယို့စ်ဒီ ချာမော်ရိုဖောင်ဒေးရှင်းအပေါ် ငွေကြေးခဝါချမှု စွပ်စွဲချက်နဲ့ပတ်သက်လို့ နီကာရာဂွါ တရားရုံးကနေ သူ့ကိုဆင့်ခေါ်ပြီး ၃ လအကြာမှာ ရာမီရက်ဇ်အပေါ် စွဲချက်တင်တာလည်း ဖြစ်ပါတယ်။

အဲ့ဒီဖောင်ဒေးရှင်းရဲ့ညွှန်ကြားရေးမှူး ခရစ္စတီယာနာ ချာမော်ရိုဟာ သမ္မတရွေးကောက်ပွဲအကြို ကိုယ်စားလှယ်လောင်းတယောက်ဖြစ်ပြီး ခုတော့ အဖမ်းခံထား ရပါတယ်။ 

ရာမီရက်ဇ်ဟာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ဖို့ လမ်းကြောင်းလွှဲပေးတဲ့ ဒီဖောင်ဒေးရှင်းမှရန်ပုံငွေတွေကို လက်ခံရယူခဲ့တယ်လို့ အစိုးရရှေ့နေရုံးက ဆိုပါတယ်။ 

ဒီလုပ်ရပ်ဟာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှုတွေ ကောင်းကောင်းမွန်မွန် တိုးတက်နေတာကို မတည်မငြိမ်ဖြစ်စေဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုထားပါတယ်။ 

ရာမီရက်ဇ်ဟာ သူ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန် ၁၉၈၀ ခုနှစ်အချိန်တွေတုန်းက သမ္မတ အော်တေဂါရဲ့ညာလက်ရုံးဖြစ်ခဲ့သူပါ။ 

မာ့က်စ်ဝါဒီ ပြောက်ကျားဟောင်း သမ္မတ အော်တေဂါဟာ သက်တမ်း ၄ ဆက်မြောက် အာဏာရယူဖို့ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

သမ္မတ အော်တေဂါနဲ့ ဇနီးဖြစ်သူ ဒုသမ္မတ ရိုဆာရီယို မူရဲလိုတို့ဟာ သမ္မတလောင်း တချို့အပါအ၀င် အတိုက်အခံအများအပြားကို လတ်တလော ဖမ်းဆီးပြီးနောက်မှာ နိုင်ငံခြားအစိုးရတွေကနေ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရပါတယ်။

2 mins Ago

June 6, 2020

လာမည့်ရွေးကောက်ပွဲတွင် အမေရိကန်ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်း သမ္မတကို စိန်ခေါ်နိုင်ဖွယ်ရှိ

အမေရိကန် ဒုသမ္မတဟောင်း  ဂျိုးဘိုင်ဒန်ဟာ  ဇွန်လ ၅  ရက်က  ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်းပြိုင်ပွဲကို တရားဝင် အဆုံးသတ်လိုက်ပြီး လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့်ကို  စိန်ခေါ်မယ့် အခြေအနေဖြစ်လာတယ်လို့ မီဒီယာတွေက ရေးပါတယ်။ ဂျိုးဘိုင်ဒင်ဟာ ပြည်နယ် ၈ ခုနဲ့ အမေရိကန်နယ်မြေ ၃ ခုမှာ သမ္မတ ကိုယ်စားလှယ်လောင်းပြိုင်ပွဲ ဝင်ရောက်ဖို့ရှိနေပြီး ဒီမိုကရက်သမ္မတလောင်းကို ရွေးချယ်ဖို့ လိုအပ်တဲ့  ကိုယ်စားလှယ် ၁,၉၉၁ ယောက်ကို ကျော်လွန်ရရှိထားတယ်လို့ AP နဲ့ CBS News နှစ်ခုစလုံးက ခန့်မှန်းထားပါတယ်။ ဇွန် ၂ ရက်က ပြည်နယ် ၇ ခုနဲ့ ကိုလံဘီယာခရိုင်မှာ သမ္မတလောင်း အကြို ရွေးကောက်ပွဲတွေကို ကျင်းပခဲ့ပြီးနောက် ဘိုင်ဒင်ဟာ ကိုယ်စားလှယ်လောင်းတွေ ရရှိခဲ့ပါတယ်။ “ဒီမိုကရက်တစ်ပါတီကိုယ်စားပြု အရွေးခံသမျှထဲမှာ အရည်အသွေးအရှိဆုံး ကိုယ်စားလှယ်လောင်း အဖွဲ့တဖွဲ့နဲ့ ယှဉ်ပြိုင်ရတာ  ဂုဏ်ယူစရာပါပဲ” လို့ ဘိုင်ဒင် သတင်း ထုတ်ပြန်ခဲ့တာကို ရိုက်တာမှာ ဖော်ပြပါတယ်။   
1 year Ago
Up