မြောက်ကိုရီးယားအစိုးရဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းက ပင်လယ်ထဲကို ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ဧပြီလ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်ဖြစ်နိုင်တဲ့ အရာတခုကို ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျွန်အန်းက နိုင်ငံရဲ့ စစ်ပွဲကို ဟန့်တားမှု အားကောင်းစေဖို့၊ အမေရိကန်ရဲ့ ရန်စမှုလို့ခေါ်တဲ့ ရန်စမှုတွေကို တန်ပြန်ဖို့ ပိုမိုလက်တွေ့ကျကျ ထိုးစစ်ဆင်ဖို့ တောင်းဆိုခဲ့အပြီး နှစ်ရက်အကြာမှာ ဒုံးကျည် စမ်းသပ်ခဲ့တာပါ။
မကြာသေးမီက လုပ်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တင်းမာမှုတွေ မြင့်တက်လာတာပဲလို့လည်း မြောက်ကိုရီးယားက ဝေဖန်လိုက်ပါတယ်။
ဒီမနက် ပစ်လွှတ်လိုက်တဲ့ မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်ဟာ နိုင်ငံရဲ့ပိုင်နက်အတွင်းကို ကျရောက်ခဲ့ခြင်းမရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆုကာဇု ဟာမာဒါက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ဒီမနက် ၇ နာရီ ၂၂ မိနစ် ဝန်းကျင်မှာ အရှေ့ဘက်ထောင့်မြင့် အရပ်မှာ ICBM အမျိုးအစား အနည်းဆုံး ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ဟာမာဒါက ပြောပါတယ်။
ဒုံးကျည်ပစ်လွှတ်ပြီးနောက်မှာ အရေးပေါ်သတိပေးစနစ်က ဒုံးကျည်ဟာ ကျွန်းအနီးကို ကျရောက်မယ်လို့ ခန့်မှန်းခဲ့တာကြောင့် ဟော့ကိုင်းဒိုးကျွန်း မြောက်ပိုင်းက နေထိုင်သူတွေကို အရေးပေါ် ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်ဟာ ထောက်လှမ်း တွေ့ရှိပြီးနောက်မှာ ချက်ချင်းဆိုသလိုပဲ ဂျပန်ရေဒါမှ ပျောက်ကွယ်သွားကြောင်းနဲ့ နောက်ထပ် ခွဲခြမ်းစိတ်ဖြာမှုအရ ဂျပန်ပိုင်နက်အတွင်း ဆင်းသက်နိုင်ခြေ မရှိကြောင်း တွေ့ရှိခဲ့ရပြီးနောက်မှာ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အရေးပေါ်သတိပေးချက်ကို ပြန်ရုတ်သိမ်းလိုက်ကြောင်းလည်း ဂျပန်အစိုးရအဖွဲ့က ပြောပါတယ်။
နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ဦးစားပေးတဲ့ J-Alert (သတိပေးချက်) ကိုထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီ အရေးပေါ် သတိပေးချက်ဟာ သင့်လျော်ပြီး အမှားအယွင်းမရှိကြောင်း အစိုးရအဖွဲ့အတွင်းဝန်ချုပ် ဟိရိုကာဇု မတ်ဆုနို က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ တောင်ကိုရီးယားလေတပ်ကတော့ လေကြောင်း ဆီဖြည့်လေ့ကျင့်ခန်းကို ဧပြီလ ၁၂ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
KC-330 ဝေဟင်ရေနံတင်လေယာဉ်ဟာ တစ်နာရီကို ကီလိုမီတာ ၅၃၀ နဲ့ ပျံသန်းနေချိန်မှာ တိုက်လေယာဉ်တွေကို လေထဲမှာပဲ လောင်စာဆီ ဖြည့်တာကို လေ့ကျင့်ခဲ့ကြတာပါ။
KC-330 လောင်စာဆီတင် လေယာဉ်ဟာ တစ်ကြိမ်ကို F-35A တိုက်လေယာဉ် ၁၅ စင်းအထိ လောင်စာဆီ ဖြည့်ပေးနိုင်ပြီး ဒါဟာ ဂျက်လေယာဉ်တွေကို နောက်ထပ် တစ်နာရီ ထပ်ပျံသန်းနိုင်စေမှာဖြစ်ကြောင်း လေတပ်က ပြောပါတယ်။
မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ သူ့မဟာမိတ်တွေအကြား မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ပြုံယမ်းဟာ လတ်တလောလတွေအတွင်း သူ့ရဲ့လက်နက်စမ်းသပ်မှုတွေကို အရှိန်မြှင့်ခြင်းအားဖြင့် တုံ့ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူး မနက်အစောပိုင်းမှာ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက် ပင်လယ်ပြင်ကနေ ပဲ့ထိန်း ဒုံးကျည်တစင်းကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား အခြေစိုက် ယုံဟပ်သတင်းဌာနက တောင်ကိုရီးယားစစ်တပ်ကို ကိုးကားဖော်ပြပါတယ်။
ပြုံယမ်းမြို့တဝိုက်ကနေ တာတိုပစ် ပဲ့ထိန်းဒုံးကျည်ကို ဒေသစံတော်ချိန် မနက် ၂ နာရီ ၅၀ မိနစ်မှာ ပစ်ခတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေက ပြောပါတယ်။
မြောက်ကိုရီးယားဟာ ဒီဇင်ဘာ ၃၁ ရက်မှာ ပဲ့ထိန်းဒုံးကျည်သုံးစင်း ပစ်လွှတ်ခဲ့ပြီး ၂၄ နာရီတောင် မပြည့်ခင်မှာ ထပ်ပြီး ပစ်လွှတ်ခဲ့တာပါ။
မြောက်ကိုရီးယားအစိုးရဟာ သတ္တမအကြိမ် နျူကလီးယားလက်နက် စမ်းသပ်နိုင်တယ်လို့လည်း ထင်ကြေး ပေးနေကြပါတယ်။
မြောက်ကိုရီးယားက လက်နက်တည်ဆောက်မှုကို အရှိန်မြှင့် နေချိန် ၂၀၂၂ ခုနှစ်ထဲမှာ မကြုံစဖူး အကြိမ်ရေ တော်တော်များများ ဒုံးကျည်စမ်းသပ်ခဲ့ပြီးတဲ့နောက် ခုလို ထပ်မံပစ်လွှတ်လိုက်တာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ ဗဟိုပါတီက ဒီဇင်ဘာ ၃၀ ရက်မှာ လုပ်တဲ့ စုံညီအစည်းအဝေး ပဉ္စမနေ့မှာ မဟာဗျူဟာကို ခိုင်မာစေရေး ပါဝင်ဆွေးနွေးခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က ဒီဇင်ဘာ ၃၁ ရက်မှာ ပြောခဲ့ပါတယ်။