မြောက်ကိုရီးယားရဲ့ အတွဲလိုက် ဒုံးပစ်လောင်ချာ (MLRs) တွေကနေ ပစ်ခတ်တာဖြစ်ပုံရတဲ့ ဒုံးကျည်လမ်းကြောင်းတွေကို တွေ့ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။
ညနေ ၆ နာရီနောက်ပိုင်းမှာ ပစ်ခတ်မှုကို ထောက်လှမ်းတွေ့ရှိခဲ့လို့ စစ်တပ်က ကင်းထောက် တပ်လှန့်မှု အဆင့်ကို အားဖြည့်ထားပြီးပြီလို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။
မြောက်ကိုရီးယားဟာ စစ်ရေးလေ့ကျင့်မှုတွေအတွင်း MLR ဒုံးပစ်လောင်ချာတွေကို မကြာခဏ စမ်းသပ်ပစ်ခတ်လေ့ရှိပြီး မကြာသေးခင် နှစ်တွေတုန်းကလည်း ပိုကြီးတဲ့ ဒုံးပစ်လောင်ချာတွေကို ပိုထုတ်လုပ်ခဲ့ပါတယ်။
သေးငယ်တဲ့ ဒုံးပျံတွေနဲ့ ဒုံးကျည်တွေဟာ တောင်ကိုရီးယားနိုင်ငံထဲက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အစီအစဉ်တွေရဲ့ ဗဟိုချက်အဖြစ် ရှုမြင်ကြပါတယ်။
အခုနှစ်မှာ မြောက်ကိုရီးယားဟာ သူ့ရဲ့ အကြီးဆုံးတိုက်ချင်းပစ်ဒုံးကျည် (ICBM) ကနေ ဒုံးပစ် လောင်ချာအငယ် MLR တွေအထိ ဒုံးကျည်အကွာအဝေး အမျိုးမျိုးကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်တည်ဆောက်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအောက်မှာ စမ်းသပ်ချက် အားလုံးကို ပိတ်ပင်ထားပါတယ်။
မြောက်ကိုရီးယားရဲ့ တာဝေးပစ်သေနတ်တွေနဲ့ ဒုံးပျံလက်နက်တိုက်တွေကို ကာကွယ်ဖို့ ဒီဇိုင်း ထုတ်ထားတဲ့ အစ္စရေးရဲ့ “Iron Dome” လိုမျိုး ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံတန် ဒုံးခွင်းဒုံး စနစ်တစ်ခုကို တောင်ကိုရီးယားက အကောင်အထည်ဖော်နေပါတယ်။
မြို့တော် ဆိုးလ်အနီးတဝိုက်က ဧရိယာအများစုမှာ နိုင်ငံ လူဦးရေ ၅၂ သန်းရဲ့ ထက်ဝက်လောက် နေကြလို့ ဒီနေရာဟာ မြောက်ကိုရီးယားရဲ့ တာဝေးပစ်သေနတ်တွေနဲ့ ဒုံးပစ်လောင်ချာမျိုးစုံတို့ ပစ်ခတ်နိုင်တဲ့ အကွာအဝေးကြားမှာ ရှိနေပါတယ်။
အမေရိကန်ဟာ တောင်ကိုးရီးယားမှာ တပ်ဖွဲ့ဝင် ၂၈,၅၀၀ လောက်ကို စခန်းချထားပြီး မြောက်ကိုရီးယားကို တန်ပြန်ဖို့ တောင်ကိုရီးယားတပ်တွေနဲ့အတူ လေ့ကျင့်နေပါတယ်။
မြောက်ကိုရီးယားရဲ့ အရင်တုန်းက ပစ်လွှတ်မှုတချို့ကို လက်တုံ့ပြန်ဖို့ မဟာမိတ်တွေက သူတို့ ကိုယ်တိုင် ဒုံးကျည်ပစ်ခတ် လေ့ကျင့်နေပါတယ်။