close

ဒုံးကျည် ပစ်ခတ်

close

March 7, 2022

ယူကရိန်း ဗင်နစ်စီယာက လေဆိပ်ကို ရုရှား ဒုံးကျည်များဖြင့် ပစ်ခတ်ဖျက်ဆီး

ယူကရိန်း အနောက်အလယ်ပိုင်းရဲ့ မြို့တော် ဗင်နစ်စီယာက အရပ်ဘက် လေဆိပ်ကို မတ် ၆ ရက်မှာ ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖျက်ဆီးပစ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇေလန်စကီက ပြောပါတယ်။

ဒုံးကျည်ထိလို့ မီးလောင်နေတဲ့လေဆိပ်ကို မီးငြှိမ်းဖို့ အရေးပေါ်ဌာနက ကြိုးစားနေတယ်လို့ အစောပိုင်းမှာ အာဏာပိုင်တွေက ပြောပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တာ ၁၁ ရက်မြောက်နေ့မှာ ရုရှားတပ်တွေက ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ပြီး ပင်လယ်နက်ဆိပ်ကမ်းမြို့ ဩဒက်ဆာကို ဗုံးကြဲဖို့ ရုရှားက ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတက ဆက်ပြောပါတယ်။

ရုရှားပြည်သူတွေ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်မှုတွေရဲ့ဘေးကနေလွတ်ဖို့ ဒါမှမဟုတ် ရုရှားအစိုးရက ယူကရိန်းကို ကျူးကျော်တာကို ဆန့်ကျင်ဖို့ လမ်းပေါ်ထွက်ဆန္ဒပြကြဖို့ကိုလည်း ဇေလန်စကီက ရုရှားပြည်သူတွေကို တိုက်ရိုက်မေတ္တာရပ်ခံလိုက်ပါတယ်။

“ရုရှားဟာ ခုတော့ မသေချာဘဲ အထီးကျန်တဲ့ အနာဂတ်ကို ရင်ဆိုင်နေရတာပါ။ ရုရှားပြည်သူများ ခင်ဗျား၊ အခု ရုန်းကန်မှုဟာ ယူကရိန်း ငြိမ်းချမ်းရေးအတွက်သက်သက် မဟုတ်ပါဘူး။ ခင်ဗျားတို့ တိုင်းပြည်အတွက် တိုက်ပွဲလည်း ဖြစ်ပါတယ်။ ခင်ဗျားတို့ အခုဆက်ပြီး နှုတ်ဆိတ်နေမယ်ဆိုရင် ခင်ဗျားတို့ရဲ့ ဆင်းရဲမွဲတေမှုက နောက်ပိုင်းမှာ စကားပြောလာလိမ့်မယ်။ ဖိနှိပ်မှုက အဖြေ ဖြစ်လာလိမ့်မယ်။ ရုရှားမှာ ဆန္ဒပြပွဲပုံစံအားလုံး တရားမဝင်ပါဘူး။ ရုရှားဟာ ခုတော့ ဘဝနဲ့ ကျွန်ကြား ရွေးချယ်စရာကို ရင်ဆိုင်နေရပြီ” လို့ ယူကရိန်းသမ္မတ ဇေလန်စကီက ပြောပါတယ်။

ခွင့်လွှတ်မှာ မဟုတ်ဘဲ တရားစီရင်တဲ့နေ့ ရှိလာလိမ့်မယ်လို့လည်း ဇေလန်စကီက သူ့ မိန်းခွန်းအတွင်း မတ်လ ၆ ရက်မှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာကဒဏ်ခတ်လို့ ရုရှားစီးပွားရေးဟာ အကျပ်အတည်းဆိုက်နေပြီး လွတ်လပ်တဲ့ မီဒီယာတွေနဲ့ ဖေ့စ်ဘွတ်ခ်အပါအဝင် လူမှုကွန်ရက် သုံးစွဲခွင့်တွေကို ရုရှားအာဏာပိုင်တွေက နှိမ်နင်းနေပါတယ်။

ရုရှက ကျူးကျော်လို့ ယူကရိန်းနိုင်ငံတလွှား သေဆုံးသူ အရပ်သားဦးရေ ၃၆၄ ယောက် ရှိပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ရာချီတဲ့လူတွေ ဒဏ်ရာရခဲ့ပြီး ယူကရိန်းပြည်သူ ၁ သန်းခွဲကျော် နိုင်ငံစွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

1 min Ago
Up