ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ဇာပိုရစ်ချ်ဇိယာမြို့မှာ ရှိပြီး HIMARS ဒုံးကျည် အများအပြားကို ပစ်လွှတ်နိုင်တဲ့ ဒုံးပစ် လောင်ချာစနစ်ကို တပ်ဆင်ပေးတဲ့ စက်ရုံတစ်ရုံကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားစစ်တပ်က စက်တင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်း စစ်တပ်ကတော့ နိုင်ငံအရှေ့ဘက်ခြမ်းမှာ ရုရှားရဲ့ထိုးစစ်တွေကို အောင်အောင်မြင်မြင် ဟန့်တားလိုက်နိုင်ပြီလို့ အခိုင်အမာ ပြောပါတယ်။
ယူကရိန်းနိုင်ငံရဲ့ အရှေ့ဘက်မျက်နှာစာမှာ ရုရှားလေကြောင်းနဲ့ အာကာသတပ်ဖွဲ့တွေဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဒန်ညက်စ်ဒေသထဲက ပစ်မှတ်အများအပြားကို အာရုံစိုက်တိုက်ခိုက်ဖို့ တိကျသေချာတဲ့ ပဲ့ထိန်းလက်နက်တွေကို သုံးခဲ့တယ် လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အစ်ဂေါ ကိုနာရှန်ကို့ဗ်က စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးချုပ်က ကူပြန့်စ်ခ်မြို့အပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ချေမှုန်းနေတုန်း ဘက်မွတ်ထ်နဲ့ အဗ်ဒစ်ဗ်ကာမြို့တွေအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကို တားဆီးထားတယ်လို့ ပြောပါတယ်။
ရုရှားတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းသံချပ်ကာယာဉ် သုံးစီးကို ထိမှန်အောင် ပစ်ခတ်ခဲ့ပြီး ယူကရိန်း တောင်ပိုင်း ခါဆွန်ဒေသမှာ ယူကရိန်းလေတပ်က Su-25 လေယာဉ်ကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
မီးရထား ဖြတ်သန်းခုတ်မောင်းနိုင်တဲ့ အန်တိုနော့ဗ်စကီးတံတားကို ပြုပြင်ဖို့ ရုရှားရဲ့ ကြိုးပမ်းမှုတွေကို နှောင့်ယှက်ခဲ့တယ်။ ရုရှားလက်နက်တွေ၊ စက်ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတွေကို ထိမှန်အောင် ပစ်ခတ်နှောင့်ယှက်ခဲ့တယ်လို့ ယူကရိန်း တောင်ပိုင်းမှာရှိတဲ့ ယူကရိန်းစစ်ဆင်ရေးကွပ်ကဲမှုဌာနက ပြောပါတယ်။