ကိုယ့်တနိုင်ငံတည်းအတွက်သာကြည့်တဲ့ အမျိုးသားရေး ကာကွယ်ဆေးဝါဒကို အဆုံးသတ်ဖို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက တောင်းဆိုလိုက်ပြီး ချမ်းသာကြွယ်ဝတဲ့ တချို့နိုင်ငံတွေက ကာကွယ်ဆေးတွေ သိုလှောင်နေကြတာကိုလည်း ဝေဖန်ပြောကြား လိုက်ပါတယ်။
အာရှ - ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်တွေရဲ့ အလွတ်သဘော သီးသန့်တွေ့ဆုံမှုအတွင်း စီးပွားဖက်ခေါင်းဆောင်တွေဟာ ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ချမ်းသာတဲ့နိုင်ငံတွေကို ရောက်နေပြီးတော့ ကျနော်တို့လို ကျန်တဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ နည်းနည်းလေးပဲ ရတယ်ဆို တာကို သိနေပါတယ်လို့ ဒူတာတေးက ပြောပါတယ်။
ကာကွယ်ဆေးရရှိဖို့ ဒီလောက်ကွာဟချက် ကြီးမားလွန်းတဲ့ မညီမျှမှုကြီးကို ပြန်ပြုပြင်ဖို့ လိုအပ်နေပြီး ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အမျိုးသားရေးဝါဒကို အဆုံးသတ်ရပါမယ်လို့လည်း ဆိုပါ တယ်။
နိုင်ငံတွေမှာ ကျနော်တို့အားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်တွေ အစုလိုက်အပြုံလိုက် ဘယ်လိုတွေ သိုလှောင်ထားနိုင်ပြီးတော့ ကျနော်တို့တွေ အားလုံးကို ကယ်တင်နိုင်တဲ့ အသက်ကယ်ကာကွယ်ဆေးတွေနဲ့ ဆေးဝါးအထောက်အပံ့ အရံတွေ အပိုတွေ ဆောင်ထားတာတွေကို ဝေမျှပေးဖို့က ဘာကြောင့် အဆင်သင့် မရှိရတာပါလဲလို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မေးခွန်းထုတ် ပြောဆိုခဲ့တာပါ။
ဖိလစ်ပိုင်သမ္မတက ကာကွယ်ဆေးတွေ မျှတလုံလောက်စွာ ရရှိစေဖို့ နိုင်ငံအားလုံးကို တောင်းဆိုလိုက်ပြီး ထိရောက်တဲ့ လူအစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးခြင်းကသာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် သော့ချက် ဖြစ်တယ်လို့လဲ အလေးပေး ပြောဆိုသွားပါတယ်။