close

ဒေသကာကွယ်ရေးတပ်ဖွဲ့

close

September 30, 2022

ဝက်လက်မြို့နယ်၌ ညဘက် မြစ်ကြောင်းသွားလာရေး မပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့ သတိပေး‌

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ရေးအခြေအနေအရ ဧရာဝတီမြစ်ကြောင်းအတွင်း  ည ၆ နာရီမှ မနက် ၆ နာရီအထိ ရေယာဉ်တွေ ဖြတ်သန်းသွားလာတာ မပြုကြဖို့ ဒေသကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၂၉ ရက်မှာ သတိပေး ထုတ်ပြန်ထားပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ငါးပတ်ချောင်းရွာ၊ ကူကြီးရွာ၊ သစ်ဆိပ်ရွာ၊ ရွာသစ်ရွာ၊ လှေပို့ဆိပ်ရွာ၊ ရေဂမိုးရွာ၊ ရှားကွဲရွာနဲ့ ထုံးဘိုရွာတို့ အနီးမှာ သတ်မှတ်ထားချိန်အတွင်း ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “အခြေနေအရ အကန့်သတ်မရှိ ယာယီပိတ်ထားရတဲ့ သဘောပါ။ ဒါကလည်း ပြည်သူကို အန္တရာယ်မရှိအောင် ထုတ်ပြန်ရတာပါ။ အန္တရာယ်ကင်းရှင်းနိုင်မယ့် အခြေအနေရောက်ရင်တော့ ကန့်သတ်တာကို ပြန်ရုပ်သိမ်းပြီး သွားလာနိုင်ဖို့ ပြန်လည်ထုတ်ပြန်ပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။

အထူးသဖြင့် တံငါလှေတွေ၊ ပိုက်မျောလှေတွေနဲ့ ကျွန်းပေါ် တောင်သူလုပ်ငန်း လုပ်ကိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်ကို လိုက်နာပေးကြဖို့ကိုလည်း သတိပေးထားတာ တွေ့ရပါတယ်။

ဝက်လက်မြို့နယ်မှာ စက်တင်ဘာ ၂၆ ရက်ကလည်း ဧရာဝတီမြစ်ကြောင်းအတွင်း ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ စက်လှေကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ရေမြှုပ်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲအုပ် ၁ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။

15 mins Ago

March 28, 2022

ပခုက္ကူ အခွန်ဦးစီဌာန အာမခံရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်း

မကွေးတိုင်း ပခုက္ကူမြို့ အခွန်ဦးစီးဌာန အာမခံရုံးကို မတ် ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှာ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ကြတယ်လို့ EPDF(UG) ကနေ သိရပါတယ်။

ပခုက္ကူမြို့ အာမခံရုံးကို ဒီကနေ့မွန်းလွဲ ၁ နာရီလောက်မှာ Earthquake People's Defense Force(UG)၊Young Force (UG)၊ RSO(PKU)နဲ့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်စုတို့ ပူးပေါင်းပြီး ဝင်ရောက်စီနင်းကာ ဌာနအတွင်းက ပစ္စည်းတွေကို ဖျက်ဆီးတာတွေ သိမ်းယူတာတွေ ပြုလုပ်ခဲ့တယ်လို့EPDF(UG)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခွန်ဦးစီးဌာနအောက်မှာရှိတဲ့ အာမခံရုံးဟာ စစ်ကောင်စီကို ဝင်ငွေ ရှာပေးနေတဲ့ အဓိကထောက်တိုင်ဌာနတခုဖြစ်တာကြောင့် အခုလို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ထောက်တိုင်အားလုံးကို ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။

အဲဒီ အာမခံရုံးထဲက ဌာနဆိုင်ရာဝန်ထမ်းတွေကိုတော့ ပြည်သူဘက်ကို ရပ်တည်ကာ CDM ပြုလုပ်ကြဖို့ပြောဆိုခဲ့ပြီး ရုံးဝန်ထမ်းတွေက စစ်ကောင်စီကို ဆက်သွယ်ဖို့ကြိုးစားတာကြောင့် ဖုန်းတွေသိမ်းယူခဲ့ကာ ဝန်ထမ်းတဦးကလည်း သေနတ်လုဖို့ကြိုစားတာကြောင့် ဆုံးမပေးခဲ့တယ်လို့ ပြောပါတယ်။

ဒေသကာကွယ်ရေး ညီနောင်မဟာမိတ် တပ်ဖွဲ့တွေအနေနဲ့ ထိခိုက်မှုတစုံတရာမရှိဘဲ ဘေးကင်းလုံခြုံတဲ့ နေရာကို အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ် တပ်ဖွဲ့တွေအနေနဲ့ မတ် ၂၄ ရက်နေ့မှာလည်း စက်မှုဇုန်(၆)လမ်းက စားသောက်ဆိုင်ကို ဝင်ရောက်စစ်ဆေးရာ မရောင်းချဖို့တားမြစ်ထားတဲ့ စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာ၊ ဒဂုံဘီယာနဲ့ ဆက်စပ်ပစ္စည်တွေ သိမ်းဆည်းနိုင်ခဲ့ပြီး အများပြည်သူရှေ့မှာ အရေးယူခဲ့တယ်လို့ သိရပါတယ်။

6 months Ago
Up