ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းမဖြစ်တဲ့ ထားဝယ်-ထီးခီး ကားလမ်းပိုင်းကို စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ရက်အကန့်သတ်မရှိ ပိတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ဆာကောဆာတပ်မဟာ (KTLA)၊ မဟာမိတ် နွေဦးပြောက်ကျားတပ်ဖွဲ့နဲ့ သံမဏိပြောက်ကျား နဘယံတပ်ဖွဲ့တို့က ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်ကစပြီး ထီးခီးလမ်း ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်လိုက်ကြောင်း အသိပေးစာ ထုတ်ပြန်ပြီး အသိပေးခဲ့ပါတယ်။
ဒေသခံတဦးက “အရင်ဆုံး PDF တွေက စာထုတ်ပြီး ကန့်သတ်လိုက်တယ်။ မနေ့ညနေ ဇန်နဝါရီ ၂၂ ရက်မှာ ရက်က စစ်တပ်ကပါ လမ်းပိတ်လိုက်တယ်ပြောတယ်။ အရင်ကတည်းက ဗျောတောဝဂိတ်မှာ စစ်တပ်က အရှေ့တောကို ဆန်သယ်ဖို့ ပိတ်ထားတာ။ အခုလို လမ်းပါပိတ်ရင် စားရေးသောက်ရေး ပိုကျပ်လာတော့မယ်” လို့ ပြောပါတယ်။
ထားဝယ်-ထီးခီးလမ်းပိုင်းမှာ ဒီနေ့ တိုက်ပွဲဖြစ်စဉ်တွေ မကြားရသေးပေမဲ့ စစ်တပ်စစ်ကြောင်းတွေ ဝင်နေတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကတော့ စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ဇန်နဝါရီလဆန်းပိုင်းက ထားဝယ်-ထီခီး ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အထိအခိုက်ကျဆုံးရှိကာ လမ်းပိုင်းရှိ ကျေးရွာတွေက နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ထားဝယ်-ထီးခီးလမ်းပိုင်းဟာ ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံကို သွားရောက်ရာမှာ အဓိကထား အသုံးပြုနေတဲ့ နယ်စပ်ကားလမ်းမဖြစ်ပြီး အရင်ကလည်းအခုလို လမ်းပိတ်ခဲ့ဖူးပါတယ်။
မကွေးတိုင်း၊ ရေစကြိုနဲ့ မြိုင်မြို့နယ်အစပ်မှာ ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို ပ.က.ဖ ကနေ သိရပါတယ်။
ရေစကြိုနဲ့ မြိုင်မြို့နယ် အစပ်က တောရိုးထဲမှာ မနေ့ ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီလောက်ကနေ ညနေ ၃ နာရီလောက်အထိ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီတိုက်ပွဲမှာ အထိနာသွားတဲ့ စစ်(...)တွေကို ညနေ ၄ နာရီလောက်မှာလည်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ လက်နက်ကြီးတပ်ဖွဲ့တွေက တရစပ် လိုက်လံတိုက်ခိုက်ခဲ့လို့ စစ်(...)တွေ ဆုတ်ခွာသွားပြီး ကျနော်တို့ ညီနောင်မဟာမိတ် တပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးသူ မရှိဘူး။”
ရေစကြိုမြို့နယ်မှာ ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက နယ်မြေရဲစခန်းတခုနဲ့ ပျူစောထီး စခန်းတခု တိုက်ခိုက်ခံရပြီး ရဲမေတယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို ပ.က.ဖ ကနေ သိရပါတယ်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ၊ ပျူစောထီးတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “ပေါက်မြို့နယ် ကုက္ကိုစုရွာက ပျူစောထီးစခန်းကို ဒီဇင်ဘာ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အချိန် ၁ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်(...) တယောက်၊ ပျူ(...) ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး ၁ နာရီလောက်အကြာမှာ ရေပြာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကူလိုက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ဒေသကာကွယ်ရေးတပ်ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီ ကုက္ကိုစုရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာ ၃၀ ရက် ညနေ ၃ နာရီလောက်မှာ လယ်ဘဲ့ကျေးရွာက အိမ်ခြေ ၄၀ ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပေါက် ပ.က.ဖ ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်စကြာက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ အင်ပင်ရွာကို ဒီဇင်ဘာ ၃၁ ရက် မနက် ၇ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး စစ်ကြောင်းထိုး ဝင်ရောက်မွှေနှောက်ကာ မနက် ၁၁ နာရီလောက်မှာ ဆူးလေကုန်းကျေးရွာကို ပစ်ခတ်ဝင်ရောက်ပြီး အမျိုးသားတယောက်ကို သတ်ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၃,၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး မကွေးတိုင်းအတွင်းမှာ အများဆုံး မီးရှို့ခံရတဲ့မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။
အဲဲဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။