close

ဒေသခံများ ကန့်ကွက်

close

December 26, 2020

ကျောက်ဖြူ အများပြည်သူသုံး ရွာသစ်ဆိပ်ကမ်းကို တစ်ဦးပိုင်ချပေးသဖြင့် ဒေသခံများ ကန့်ကွက်

ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ အများပြည်သူအသုံးပြုနေတဲ့ ရွာသစ်ဆိပ်ကမ်းကို တစ်ဦးပိုင်အဖြစ် ချပေးလိုက်တဲ့အပေါ်  ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။ ငလပွေ့ရပ်ကွက် ရပ်မိရပ်ဖ ဦးအေးကျန်အောင် “မရှိဆင်းရဲသားတွေ အများသူတွေဟာ ဒီဆိပ်ကမ်းကို အမှီပြုပြီးတော့ လုပ်ကိုင်စားသောက်နေကြတာကြောင့် ဒီဆိပ်ကမ်းက ငလပွေ့အတွက် မရှိမဖြစ် အဓိကလိုအပ်တဲ့ ဆိပ်ကမ်းတခု ဖြစ်တယ်။ ဟိုဘက် ပျားတဲ၊ ရှောက်ချောင်း၊ ကပ်သပြေတို့ကလည်း ဒီဆိပ်ကမ်းကိုပဲ အသုံးပြုနေကြရတယ်။ အဲဒီအတွက်ကြောင့် ဒီနေရာမှာ တခြားလူတစ်ဦးတစ်ယောက် ဝင်လာလို့ ဖောင်တော်တွေ၊ ဘာတွေ လုပ်လာမယ်ဆိုရင် ကျနော်တို့ရပ်ရွာအနေနဲ့တော့ လက်မခံနိုင်ဘူး။ ဒီဆိပ်ကမ်းသာမရှိရင် ရပ်ရွာသူရပ်ရွာသားတွေဟာလည်း စားဝတ်နေရေး အဆင်မပြေတာတွေ ဖြစ်လာမယ်၊ အများပြည်သူတွေဟာ ဒီဆိပ်ကမ်းကို အမှီပြု လုပ်ကိုင်စားသောက်နေကြတဲ့သူတွေ ဖြစ်နေတယ်” လို့ ပြောပါတယ်။ အမ်းမြို့နယ်နေ ဦးဖေကြည် ဆိုသူက ပုံစံအထောက်အထားတွေ လာပြပြီး သူ ပိုင်ဆိုင်ကြောင်း ပြောလာတာကြောင့် ကျေးရွာတွေနဲ့ ပြဿနာဖြစ်နေတယ်လို့ ငလပွေ့ရပ်ကွက်နေ ဦးစံနုအောင်က ပြောပါတယ်။ “ဒီနေ့မနက်လည်း ခြံစည်းရိုး လာကာတဲ့အတွက် ကျေးရွာတစ်ရွာလုံးနဲ့ ဖြစ်တယ်၊ အဲဒီလို အနေအထားတွေ ရှိတယ်။ ငလပွေ့ကျေးရွာ ဒီငလပွေ့ရပ်ကွက်မှာ အိမ်ခြေ ၅၀၀ ကျော် ၆၀၀ လောက်ရှိတဲ့အနက်မှာ ၃၀၀ ကျော်လောက်ဟာ ဒီချောင်းကို မှီခိုပြီး လုပ်စားနေတဲ့ လုပ်ငန်းတွေ ဖြစ်နေတဲ့ ဒီဆိပ်ကမ်းမရှိရင် ငလပွေ့ရပ်ကွက် တစ်ရပ်ကွက်လုံးတောင်မှ အကုန်လုံး ပြိုပျက်သွားနိုင်တဲ့ အဆင့်ရှိပါတယ်” လို့ ပြောပါတယ်။ အများပြည်သူ အသုံးပြုနေတဲ့ ဆိပ်ကမ်းမြေနေရာကို ဦးဖေကြည်ဆိုသူက ၂၀၁၄ ခုနှစ်ကတည်းက ဆိပ်ကမ်းတစ်ခု တည်ဆောက်အသုံးပြုနိုင်ဖို့ လျှောက်ထားခဲ့တာလို့ ကျောက်ဖြူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့စာရင်းအင်းဦးစီးဌာနမ ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “ဦးဖေကြည်ကတော့ ၂၀၁၄ မှာ စလျှောက်တာ တွေ့ရပါတယ်၊ ၂၀၁၉ ဇွန်လမှာ လုပ်ပိုင်ခွင့်ကျလာတာ တွေ့ရပါတယ်။ အခုကန့်ကွက်လွှာတင်တယ်ဆိုတာက ၂၀၂၀ မှ လာပြီးတော့ ဦးဖေကြည် ကျတာကို ကန့်ကွက်တာတွေ့ရတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆင်းပြီးတော့ ကျနော်တို့ အပေါ်ကို တင်ပေးထားတယ်။ ဒါပေမဲ့  သူတို့ ကန့်ကွက်တာတော့ နောက်ကျတာပေါ့၊ ခွင့်ပြုပြီးမှ ကန့်ကွက်သလိုမျိုး ဖြစ်နေတယ်၊ အဲဒီလိုမျိုး တွေ့ရပါတယ်။” အဆိုပါ ဆိပ်ကမ်းမြေနေရာကို တစ်ဦးတစ်ယောက်ပိုင်အဖြစ် လုပ်ပိုင်ခွင့်ပြုလိုက်ပါက ဒေသခံတွေအတွက် မှီခိုစားသောက်နေတဲ့ နေရာမရှိတော့မှာကို စိုးရိမ်ပြီး ဒေသခံတွေက ကန့်ကွက်နေကြတာပါ။ အဲဒီမြေနေရာကို လျှောက်ထားခဲ့စဉ်က ဥပဒေနဲ့အညီ လျှောက်ထားခဲ့တာတွေမရှိဘူးလို့ ဒေသခံတွေက ပြောဆိုနေကြတဲ့အပေါ် ဦးဖေကြည်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ သတင်း - နောင်နောင်
6 months Ago

June 21, 2020

ပုလဲမြို့နယ် မြကုန်းကျေးရွာအနီး စစ်ဆေးရေးဂိတ်ဆောက်မည့်အပေါ် ဒေသခံများ ကန့်ကွက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် စေတီယျုံကျေးရွာအုပ်စု မြကုန်းကျေးရွာအနီးမှာ တည်ဆောက်မဲ့ စစ်ဆေးရေးဂိတ်ကို ကျေးရွာနေပြည်သူတွေက လက်မခံဘဲ ကန့်ကွက်နေကြပါတယ်။ အဲဒီကျေးရွာဟာ မီးဘေးသင့်ရာကနေ နေရာသစ်ကို ပြောင်းရွှေ့တည်ဆောက်ထားတဲ့ကျေးရွာဖြစ်ပြီး ပြောင်းရွှေ့စဉ်ကလည်း မူလမြေပိုင်ရှင်တွေ ညှိနှိုင်းသဘောတူချက်နဲ့ အစားထိုးမြေနဲ့ ငွေသားပါ ပေးဆောင်ခဲ့ပြီးမှ ပြောင်းရွှေ့တည်ဆောက်ခဲ့တဲ့ ကျေးရွာဖြစ်တယ်လို့ ဆိုပါတယ်။ ကျေးရွာနေအိမ်တွေ တည်ဆောက်ပြီး ကျန်ရှိနေတဲ့မြေကွက်လပ်ကို ကျေးရွာထင်းစိုက်ခင်းအဖြစ် အိမ်ထောင်စု ၁ စုကို သစ်ပင် ၁၅ ပင်စိုက်ခဲ့ကြပြီး စစ်ဆေးရေးဂိတ်တည်ဆောက်မှုကြောင့် သစ်ပင်တွေ ပါသွားမှာစိုးရိမ်တာကြောင့် ကန့်ကွက်ခဲ့ကြတယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။ “စစ်ဆေးရေးဂိတ်ဆောက်မယ့်နေရာက ကျေးရွာမှစိုက်ပျိုးထားတဲ့သစ်ပင်တွေ နေရာပါ။ သစ်ပင်တွေခုတ်လှဲမှာကို မလိုလားကြသလို ကျေးရွာပိုင်မြေကိုလည်း မပေးချင်ကြတာပါ။ စစ်ဆေးရေးကို အဲဒီနေရာမှာပါပဲ ဆက်လက်လုပ်ဆောင်ဖို့ရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒေသခံတွေကတော့ ကျေးရွာစိုက်ကွင်းသစ်ပင်တွေထဲမှာ ဆက်လက်မလုပ်ဆောင်ဖို့ ထပ်မံကန့်ကွက်စာနဲ့ လက်မှတ်ပေါင်း ၄၀၀ ကျော်ကောက်ခံပြီးပြီ။” တိုင်းဒေသကြီးအစိုးရစီမံချက်နဲ့ အိန္ဒိယဘက်ကနေ ဝင်လာမယ့် ကုန်စည်တွေကို တရားဝင်/မဝင် စစ်ဆေးဖို့ ဂိတ်တည်ဆောက်မယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက အကြောင်းကြားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး ရွာကိုပြောဖို့ရာက လူစုလူဝေးနဲ့ မလုပ်ရတဲ့ကာလဖြစ်နေတော့ ဆယ်အိမ်ခေါင်းတွေကိုပဲခေါ်ပြီး အကျိုးအကြောင်း ပြောပြလိုက်တယ်။ သဘောတူသူရှိသလို ကြားနေတဲ့သူ၊ ကန့်ကွက်တဲ့သူတွေလည်း ရှိခဲ့တယ်။ ဒီနေရာက အစိုးရပိုင်ဖြစ်တယ်လို့ ထွေအုပ်ဦးစီးနဲ့သက်ဆိုင်ရာဌာနဆိုင်ရာတွေ ကပြောတယ်။ ကျနော်တို့အနေနဲ့က ရွာပိုင်မြေပါလို့ ပြစရာအထောက်အထား ဘာမှမရှိဘူးဖြစ်နေတယ်။ ရွာထဲကလူတွေကတော့ ရွာပိုင်မြေလို့ပြောနေကြတာရှိတယ်- လုပ်ငန်းပိုင်းကတော့ လောလောဆယ်ကြား ရသလောက်ကတော့ ရှေ့ဆက်ဆောင်ရွက်ဖို့ရာပဲ ရှိတယ်၊ ရပ်နားဖို့ရာ မရှိဘူး” လို့ ပြောပါတယ်။
1 year Ago
Up