စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်းမှာ ဒီနေ့ အောက်တိုဘာ ၄ ရက် မနက် ၆ နာရီဝန်းကျင်ကစလို့ ဇော်ချောင်း၊ အလယ်ခုံ၊ သင်တောနဲ့ လွင်ကြီးကျေးရွာတို့ကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ဝင်ရောက်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၇၅၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အင်အား ၆၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာ ချပ်ကုန်းကျေးရွာကနေ ဇော်ချောင်းကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာတာဖြစ်ပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေရှိတယ်လို့ သိရပါတယ်။
“မနက်က ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်လာတာ။ သေနတ်တွေနဲ့လည်း ရမ်းပစ်လာတာ။ ရွာကတော့ အကုန်ပြေးနေရပါတယ်ဗျ။ နေအိမ်တွေလည်း မီးရှို့နေတယ်။ ဘယ်လောက် လောင်သွားလဲ လတ်တလောအတိကျမသိရသေးဘူး။ ဘယ်သူမှ ရွာထဲ မဝင်ရဲကြသေးဘူး။ ကျနော်တို့ ရွာတင်မကဘူး။ အနီးက တခြားရွာတွေပါ ပြေးနေရတာပါ။ လက်ရှိ ကျနော့် မိသားစုတောင် လူစုံမတွေ့ရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အနီးဝန်းကျင်မှာ တိုက်ပွဲတစုံတရာမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ဝင်ရောက်လာတာဖြစ်တယ်လို့သိရပြီး ခမရ ၃၆၃ တပ်ရင်းက ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကျေးရွာနေ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ တောတွင်းနဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် ဥသျှစ်ကုန်းကျေးရွာကို အင်အား ၇၀ လောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် နေအိမ် ၇ လုံး ဆုံးရှုံးခဲ့ရပါတယ်။
ခင်ဦးမြို့နယ်မှာ စက်တင်ဘာ ၁၉ ရက် မနက်ကနေစလို့ ဒီနေ့အထိ စစ်ကောင်စီက ထိုးစစ်ဆင်နေတာကြောင့် ရွာ ၅ ရွာထက်မနက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီဟာ ခင်ဦး-ရေဦးလမ်းဘေးဝဲယာကရွာတွေကို ပစ်မှတ်ထားထိုးစစ်ဆင်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ရွာကနေ ထွက်ပြေးလာတာ မနေ့က မနက်ခင်း ၃ နာရီခွဲလောက်အချိန်ကတည်းက ထွက်ပြေးနေရတာ။ အခုအထိ ရွာမကပ်ရဲသေးဘူး။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ အဲလိုပစ်ခတ်လို့ မနေ့က အသက် ၃၀ အမျိုးသမီးတယောက် ကျည်ထိမှန်တယ်။ ဒီနေ့လည်း အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတယောက် ကျည်ထိမှန်ထားတယ်။ လက်ဖျံနဲ့ ကျောဘက်ကို ရှပ်ထိထားတာ။ အသက်အန္တရာယ်ကတော့မစိုးရိမ်ရဘူး။ ဘာကြောင့် အခုလို ထိုးစစ်ဆင်နေတာလဲဆိုတော့ ဟိုနေ့က ရေဦးကခရိုင်မှူးသေတဲ့နေရာကို အစားထိုးတာဝန်ယူဖို့ ခင်ဦးက ခွေးကြီးတကောင်ရေဦးဘက်သွားမှာကို အခုလို လုပ်နေတာဖြစ်နိုင်တယ်”လို့ ပြောပါတယ်။
ဒေသခံကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ IR အဖွဲ့ခေါင်းဆောင် ဗိုလ်နေတိုးက “မိုင်းဆွဲတာတွေကတော့ ခင်ဦး-ရေဦးလမ်းပေါ်မှာပဲ ကျနော်တို့အဖွဲ့ကတော့ လုပ်နေတာဗျ။ အဲလိုလုပ်ဆောင်ပြီးရင် ဘယ်ရွာတွေထဲကိုမှမဝင်ဘဲ စခန်းကို တန်းပြန်လာဖို့အမိန့်ထုတ်ထားတယ်။ ဒီနေ့လည်း ထပ်ပြီး မိုင်းဆွဲတာတွေလုပ်ခဲ့သေးတယ်။ စခအထိအခိုက်တော့ မသိရသေးဘူး။ ကျနော်တို့အဖွဲ့ကတော့ အကျအဆုံး လုံးဝမရှိခဲ့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရေဦး-ခင်ဦး-ရွှေဘိုလမ်းမပေါ်မှာ စစ်သားအများပြားချ လုံခြုံရေးတင်းကြပ်ထားသလို ခင်ဦးမြို့ပေါ်မှာလည်း ပြည်သူတွေ အပြင်မထွက်ရလို့ အမိန့်ထုတ်ထားပြီး အပြင်ထွက်လာရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။