စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သာစည်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး သေနတ်ပစ်ဖောက်ကာ ဒေသခံ ၉ ဦးကို ဖမ်းဆီးသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။
မေလ ၂ ရက် ညနေ ၅ နာရီလောက်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ကလေးမြို့ အဖွဲ့စုံစစ်ဆေးရေးဂိတ်ကနေ အိမ်စီးကားအမည်းတစီး၊ ဖောကားတစီး၊ ဆိုင်ကယ်တွေနဲ့ ကျေးရွာတွင်းကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
ကျေးရွာအနီးနေ ဒေသခံတဦးက “ရွာထဲကို ကားတွေ ဆိုင်ကယ်တွေနဲ့ ၃ နေရာကနေ အတင်းမောင်းဝင်ခဲ့တာ။ သေနတ်တွေပစ်ဖောက်ပြီး ဖမ်းသွားတာ။ ဘာကြောင့်ဖမ်းသွားတယ် ဆိုတာ သေချာမသိရဘူး။ အခုတလော ရွာထဲ ခဏခဏဝင်ဖမ်းတာတွေ များနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သာစည်ရွာက ဒေသခံတွေကို စစ်ကောင်စီက ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်က စစ်ကြောရေးကို ပို့ဆောင်ထားတယ်လို့ သိရပြီး ဖမ်းဆီးခံရတဲ့သူတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
လတ်တလောမှာ စစ်ကောင်စီတပ်သားတွေက သာစည်ရွာအတွင်းကို မကြာခဏ ဝင်ရောက်ကာ ဒေသခံတွေကို ဖမ်းဆီးနေပြီး ဧပြီ ၁၈ ရက်ကလည်း ကျေးရွာက ဒေသခံ ဦးသိန်းထွန်းနဲ့ မမြတ်မြတ်ခိုင်တို့ကို ဖမ်းဆီးခဲ့ပါသေးတယ်။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြ စ်စဥ်အပြီးမှာ အခုရက်ပိုင်းအတွင်း ဖိုးစပါယ်၊ ညောင်ခါးရှည်ရွာဘက် က ဒေသခံတွေ ၃၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့အထဲမှာ လူငယ်တွေ အများဆုံးပါဝင်ပြီး ဘုရားကြီး အမြောက်တပ်စစ်ကြောရေးစခန်းမှာ ရိုက်နှက်စစ်ဆေးခဲ့သလို မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးတာကြောင့် ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ စစ်ကောင်စီသတင်းပေးတွေကြောင့် PDF နဲ့ ပါဝင်ပက်သက် ဆက်နွှယ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ မတရားဖမ်းဆီးခံနေရပြီး သတင်းပေးတွေကိုလည်း စစ်ကောင်စီနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့အမျှ ပြင်းထန်တဲ့ အရေးယူမှုတွေကို ထပ်မံလုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးပြောဆိုလိုက်ပါတယ်။
ဧပြီ ၂၇ ရက်နေ့ ည ၇ နာရီလောက်မှာ ဝေါမြို့နယ်(ပကဖ) နဲ့ ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၁ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ညောင်ခါးရှည်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ စစ်ဆင်ရေး ဒုတိယပစ်မှတ်အဖြစ် ညောင်ခါးရှည်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကိုပါ ဗုံးနဲ့ ပစ်ခတ်ခဲ့ပေမဲ့ ပေါက်ကွဲခြင်း မရှိခဲ့ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြောပါတယ်။