PDF တွေနဲ့ အဆက်အစပ်ရှိတယ်ဆိုပြီး ဒလန် သတင်းပေးမှုကြောင့် ဧပြီ ၁၀ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာအတွင်းရှိ နေအိမ်တအိမ်ကို မွှေနှောက်ပြီး အပြစ်မဲ့ပြည်သူ ၈ ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဒလန် ၂ ဦး လမ်းပြမှုနဲ့ နွားဘန်းကြီးကျေးရွာကို စစ်ကောင်စီတပ်က ကား ၅ စီးနဲ့ ရောက်လာပြီး သေနတ် အချက် ၃၀ လောက် ပစ်ဖောက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီနောက် ကျေးရွာအတွင်းရှိ နေအိမ်တအိမ်ကို မွှေနှောက်ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး၊ ဘေးအိမ်က လာလည်တဲ့ အမျိုးသား ၂ ဦး နဲ့ နို့စို့အရွယ် ကလေးငယ် ၁ ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ မွှေနှောက်ဖျက်ဆီးခြင်းခံတဲ့ နေအိမ်ဟာ ရစရာမရှိအောင် ပျက်စီးသွားသလို လက်ကိုင်ဖုန်း ၄ လုံးနဲ့ ပိုက်ဆံအချို့ကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ နို့စို့အရွယ် ကလေးငယ်နဲ့ အမျိုးသမီးတွေကို ဧပြီ ၁၀ ရက် ည ၈ နာရီလောက် ပြန်လွှတ်ပေးခဲ့ပြီး ကျန်ရှိနေသေးတဲ့ အမျိုးသား ၄ ဦးကို ရွာငံရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။