တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပေါက်တိုင်းကျေးရွာမှာ မတ် ၁ ရက် ည ၉ နာရီလောက်က ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ဒေသခံရွာသား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် မတ် ၂ ရက် ညနေ ၃ နာရီလောက်မှာ ပေါက်တိုင်းကျေးရွာရှိ နေအိမ် ၃ လုံးကို အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေ ကား ၃ စီးနဲ့ ဝင်စီးခဲ့ပြီး ရွာသား ၃ ဦးအား ဖမ်းသွားတာဖြစ်ပါတယ်။
ဝင်ရောက်စီးနင်းခံရတဲ့ နေအိမ်တွေကတော့ ဦးတင်စိုး၊ ဦးသက်ရှိန်နဲ့ ဦးခင်မောင်ကျော်တို့ရဲ့ နေအိမ်တွေဖြစ်ပြီး သူတို့ ၃ ဦးလည်း အဖမ်းခံခဲ့ရကာ နေအိမ်ရှိ လက်ကိုင်ဖုန်း၊ ရွှေထည်နဲ့ ငွေသားတချို့ပါ သိမ်းဆည်းခံလိုက်ရတယ်လို့ ဒေသခံတွေထံက ပြောပါတယ်။
အဖမ်းခံရတဲ့ အမျိုးသား ၃ ဦးဟာ ရပ်ရေးရွာရေး ဆောင်ရွက်ပေးနေတဲ့ ရပ်မိရပ်ဖတွေ ဖြစ်ကြပြီး စာရင်းအတိအကျနဲ့ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
မတ် ၂ ရက် ညနေပိုင်းမှာလည်း ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သား အင်အားအများအပြား ရောက်ရှိနေတယ်လို့ တံတားဖြတ်သန်းသွားလာခဲ့တဲ့ ဒေသခံတဦးက ဆိုပါတယ်။
“ဒရုန်းတစင်းပျံလာပြီး ပေါက်ကွဲသံတချက် အရင်ကြားရတယ်။ ပြီးတာနဲ့ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ဘက်က သေနတ်နဲ့ ဆက်တိုက်ပစ်နေတာ ကြားရတယ်”လို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။
ပေါက်တိုင်းကျေးရွာဟာ ထားဝယ်မြို့နယ်အတွင်းရှိပြီး မြိတ်-ထားဝယ် ကားလမ်းမရှိ အရေးပါတဲ့ မြို့အဝင်တံတားစစ်ဆေးရေးဂိတ်ရှိတဲ့ ဒေသဖြစ်ပါတယ်။
စစ်ကောင်စီက မတ် ၂ ရက်ကစပြီး ပေါက်တိုင်းတံတားဂိတ်ဖွင့်ချိန်ကို မနက် ၄ နာရီအစား မနက် ၅ နာရီကို ပြောင်းရွှေ့လိုက်ပြီး ကျောက်ရပ်ရွာ၊ ဝမော်ရွာ၊ ပေါက်တိုင်းရွာတွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းထွက်နေပြီး ဒေသခံရွာသားတွေ စိုးရိမ်နေကြပါတယ်။
မတ် ၁ ရက် ညကလည်း ထားဝယ်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတဦး တိုက်ပိတ်ခံလိုက်ရတယ်လို့ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ ၄ ရက်အတွင်း စစ်ကောင်စီက ဒေသခံ အရပ်သား ၁၃ ယောက်ကို ဖမ်းဆီးထားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“လတ်တလော အတည်ပြုလို့ရတာတော့ မောင်းမကန်ရွာက ၄ ဦး၊ ဟင်းချိုတောနဲ့ သပြေရှောင်က ၆ ဦး အောက်ရေဖြူက ၃ ဦးပေါ့”
အခုလို ဖမ်းဆီးခံထားရသူတွေထဲမှာ အမျိုးသမီး ၅ ယောက်နဲ့ ကျူရှင်ဘော်ဒါဆောင်ပိုင်ရှင် ကျောင်းဆရာ တစ်ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဘာကြောင့် ဖမ်းဆီးထားတယ်ဆိုတာ မသိရပေမဲ့ ဖမ်းဆီးခံထားရသူတွေကို လောင်းလုံးမြို့မ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုးသား ၂ ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး ရဲစခန်းက ခေါ်ခိုင်းတယ်လို့ဆိုကာ သေနတ်ပြခြိမ်းခြောက်ပြီး ခေါ်သွားတဲ့ ပညစ်ရွာသား ဦးစိုးမင်းကတော့ အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ရွာခံတွေထံက သိရပါတယ်။
လောင်းလုံးမြို့နယ်၊ ပညစ်ရွာ ကျောင်းထိုင်ဆရာတော်ရဲ့ ယာဉ်မောင်း ဦးမဲမဲကတော့ ဇူလိုင် ၂၈ ရက်က ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဦးမဲမဲဟာ ဇူလိုင် ၂၄ ရက်က ဆရာတော်နဲ့အတူ လောင်းလုံးမြို့ပေါ်အလှူအိမ်သွားစဉ် လမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့တွေ့လို့ အဖမ်းခံခဲ့ရတာပါ။
စဖမ်းတဲ့နေ့က ပညစ်ရွာခံ စုစုပေါင်း ၁၂ ယောက် အဖမ်းခံခဲ့ရပြီး ကျန်သူတွေကို ညဦးဘက်မှာ ပြန်လွှတ် ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဦးမဲမဲမှာ လောင်းလုံးမြို့မရဲစခန်းမှာ ၄ ရက်တာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးမှ ပြန်လည် လွတ်မြောက်လာခဲ့တာပါ။
ဇူလိုင် ၂၂ ရက်ကတည်းက လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးပြီး PDF စခန်းတွေကို တောနင်းရှာဖွေခဲ့ပါတယ်။