ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ တောင်ဇလဲကျေးရွာနဲ့ ကော်ပတ်ခြံကျေးရွာကြား(တောင်ငူ-လိပ်သို ကားလမ်း) သုံးထပ်ကွေ့အနီးမှာ ဇွန်၇ ရက် မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ လောက်ဟာ ယာဒိုကနေ တောင်ငူ-လိပ်သို ကားလမ်းအတိုင်း ခြေလျင်လျှောက်ဆင်းလာခဲ့ရာ သုံးထပ်ကွေ့အရောက် PDF တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်လောက် သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“စစ်ကောင်စီတပ်ဖွဲ့တွေက ယာဒိုကနေဆင်းလာတာ။ အဲနားမှာက PDF တွေကလည်းရှိနေတော့ ထိပ်တိုက်တွေ့ပြီး မိနစ်အနည်းငယ်လောက် ဖြစ်ကြတာ။ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းကျတယ်။ ဖြစ်ချင်တော့ ကျနော်တူလေးက ခြံထဲဘက်ကပြန်လာတာ လူ ၅ ယောက်လောက်ပဲ ကျန်တာတွေ့ခဲ့တယ်”
တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှု အရေအတွက် အတိအကျကိုတော့ သီးခြား အတည်ပြုုလို့မရသေးပါဘူး။
အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလာနေသူတွေနဲ့ လုပ်ငန်းခွင်ပြန် ဒေသခံတွေကို မသင်္ကာတဲ့အတွက် တားစီးစစ်ဆေးတာတွေအပြင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့(PDF)တွေ ရှိနိုင်တယ်ထင်တဲ့ တောတွေနဲ့ ဒေသခံတွေရဲ့ ဥယျာဉ်ခြံတွေအတွင်းကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခတ်ခဲ့တဲ့အတွက် ဥယျာဉ်ခြံအတွင်းနေထိုင်သူတွေဟာ ဘေးလွတ်ရာပုန်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဇွန် ၈ ရက် ဒီမနက် ၇ နာရီလောက်က ထပ်မံပြီး စစ်ကောင်စီဘက်က သေနတ်နဲ့ လိုက်လံပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားလာပါက ဒေသခံတွေရဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မယ်လို့ စစ်ကောင်စီတပ်က ပြောဆိုခြိမ်းခြောက်ထားတဲ့အတွက် ဒေသခံပြည်သူတွေဟာ စိတ်ပူနေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇွန် ၇ ရက် မနက် ၈ နာရီလောက်ကလည်း သံတောင်မြို့နယ် စစ်ကောင်စီရဲ့ ၁၃ မိုင်တပ်စခန်းက အရာရှိတယောက်ကို သံတောင်PDF အဖွဲက စနိုက်ပါထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတာ၊ ခြုံခိုတိုက်ခိုက်ခံရတာ၊ ချောင်းမြောင်းပစ်ခတ်ခံရတဲ့အတွက် စစ်တပ်က ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်နေသူတွေကို ဖမ်းဆီးရိုက်နှက် စစ်ဆေးမေးမြန်းတာ၊ တဲတွေမီးရှို့ဖျက်ဆီးတာကြောင့် စိုးရိမ်နေရတယ်လို့ ခြံလုပ်ငန်းလုပ်ကိုင်နေသူတွေက ဆိုပါတယ်။
စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ထုတ်ဖို့အတွက် မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၁ တို့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)၊ သထုံပြည်သူ့ပြောက်ကျားများအဖွဲ့(TPG)၊ သုဝဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TWPDF)၊ ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-သထုံခရိုင်(PPDF)နဲ့ KNU-KNLA တပ်မဟာ ၁ တို့ဟာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တာ ဖြစ်ပါတယ်။
ဒေသခံ PDF တွေနဲ့ ပူးပေါင်းမှုဟာ စစ်အာဏာရှင် ကျဆုံးရေးအတွက် ဦးတည်ချက် ၊ ရည်မှန်းချက် တူတဲ့အတွက်ကြောင့် ပေါင်းစည်းရတာလို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာရှင် အမြစ်ပြုတ်တဲ့အထိ ဒေသခံ PDF တွေ ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်အင်အားတိုးချဲ့တာနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုမို ပြုလုပ်လာတဲ့အတွက်ကြောင့် KNLA တပ်မဟာ ၁ နဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၁ တပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၄၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉၅ ဦးသေဆုံးခဲ့ပြီး ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ KNU တပ်မဟာ ၁ က ထုတ်ပြန်ထားပါတယ်။