မြန်မာနိုင်ငံပြဿနာအကျပ်အတည်းနဲ့ ပတ်သက်ပြီးကူညီဖြေရှင်းရာမှာ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ လုပ်ငန်းအချိန်ဇယားအတိအကျနဲ့ လုပ်ဆောင်ဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ပြောပါတယ်။
အာဆီယံကခန့်အပ်လိုက်တဲ့ ဘရူနိုင်းနိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဧရာဝဏ်ယူဆွတ်ဖ်ဟာ လူကောင်းလူမွန်တစ်ယောက်ဖြစ်တယ်ဆိုတာ နိုင်ငံတကာဆက်ဆံရေးအသိုင်းအဝိုင်းကနေ ကြားသိထားတဲ့အတွက် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ဖို့လည်း မျှော်လင့်တယ်လို့ ဆိုပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးမှာ ဘက်စုံကပါဝင်ပတ်သက်သူတွေနဲ့ တွေ့ဆုံသွားမယ်လို့ လည်းဆိုပါတယ်။
NUG ပြောရေးဆိုခွင့်ရှိသူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဆာဆာက "ကျနော်တို့ မေးရမှာက အထူးကိုယ်စားလှယ်နဲ့ ကျနော်တို့ ဘယ်လောက်ညှိနှိုင်း ဆွေးနွေးအဖြေရှာနိုင်မလဲဆိုတာ မေးရမှာဖြစ်တယ်။ အာဆီယံက လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ သတ်မှတ်တဲ့အချိန်ဇယားရှိရမှာဖြစ်ပါတယ်။ ကျနော် နောက်ကွယ်ကနေ သေသေချာချာပြောပြီးပါပြီ။ အချိန်ဇယားမရှိဘဲအလုပ်လုပ်နေရင် လူထုကသေနေပြီကို။ ဒီလမှာ ဘာဖြစ်ရမယ်ဆိုတာ လက်တွေ့ကျဖို့လိုပါတယ်။ အောင်မြင်အောင်လုပ်နိုင်ဖို့လည်းလိုပါတယ်။ အချိန်ကန့်သတ်ချက်လည်းရှိရပါမယ်"
အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ အချိန် ရက်ပေါင်း ၁၀၀ ကျော်ကြာခဲ့ပြီး အခုလို ကိုယ်စားလှယ် ခန့်ပြီးဆောင်ရွက်နေတာဟာ အချိန်ဆွဲ နည်းဗျူဟာတစ်ရပ်ဖြစ်တယ်လို့လည်း နိုင်ငံရေး အကဲခတ်တွေက ဝေဖန်သုံးသပ်နေကြတာဖြစ်ပါတယ်။
မြန်မာ့အရေးဟာ အာဆီယံအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိလာတာကြောင့် သူတို့ရဲ့ ဝင်မစွက်ဖက်ရေးမူကို ကျော်လွန်ပြီး မြန်မာ့အရေးအထူးကိုယ်စားလှယ်ကိုခန့်အပ်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာဆာဆာက ပြောပါတယ်။
အာဆီယံက အဖွဲ့အစည်းရဲ့ မူဘောင်ကိုကျော်ပြီး မြန်မာ့အရေးအတွက်လုပ်ဆောင်လာတယ်ဆိုတာ မြန်မာနိုင်ငံရဲ့ အတက်အကျဟာ အာဆီယံရဲ့ အတက်အကျနဲ့ တိုက်ရိုက်အချိုးကျလာတာကြောင့်ဖြစ်တယ်လို့ ဒေါက်တာဆာဆာက သုံးသပ်ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီးကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေ၊ တရုတ်၊ ရုရှားနဲ့ ဒေသတွင်းနိုင်ငံတွေက စစ်ကောင်စီနဲ့ဆက်ဆံဖို့ အာဆီယံကို ကြားခံအဖြစ်အသုံးပြုဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။
ဒေါက်တာဆာဆာ "အခု အမေရိကန်ရယ်၊ တရုတ်ရယ်၊ အိန္ဒိယရယ်၊ အာဆီယံရယ် အစည်းအဝေးလုပ်နေကြတယ်။ မြန်မာနိုင်ငံအရေးလို့ပြောနေကြပေမဲ့ တကယ့်အာဆီယံအရေးဖြစ်လာတဲ့အတွက် အာဆီယံက မူဘောင်ကိုကျော်ပြီးတော့ အာဆီယံသမိုင်းမှာ တစ်ခါမှမလုပ်ဖူးတာကို လုပ်နေတာဖြစ်တယ်။"
စစ်အာဏာသိမ်းပြီးချိန်မှာ အာဆီယံကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တာ၊ အာဆီယံအစည်းအဝေးကို စစ်ခေါင်းဆောင်ကိုဖိတ်ခေါ်ခဲ့တာ၊ တရုတ်အာဆီယံအစည်းအဝေးမှာလည်း စစ်ကောင်စီကိုယ်စားလှယ်ကိုပဲဖိတ်ခေါ်ခဲ့ပါတယ်။
ဒါပေမဲ့ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုတော့ မဖိတ်ခေါ်ခဲ့တာတွေနဲ့ပတ်သက်ပြီး မျှတမှုမရှိဘူးလို့ ဒေါက်တာဆာဆာက ဝေဖန်ပါတယ်။
အထူးကိုယ်စားလှယ်ခန့်အပ်ပြီးချိန်မှာ အာဆီယံဟာ အားလုံးပါဝင်ရေးမူကို အကောင် အထည်ဖော်နိုင်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမြန်မာ့အရေးဟာ မြန်မာနိုင်ငံအတွက်သာမက အာဆီယံရဲ့ဂုဏ်သိက္ခာအတွက်ပါ နောက်ဆုံးအခြေအနေ တစ်ခုကိုရောက်နေတာလို့လည်း ဒေါက်တာ ဆာဆာက သုံးသပ်ထားပါတယ်။
အင်းစိန်ထောင်တွင်းက စိုးရိမ်ထိတ်လန့်စရာ အခြေအနေတွေက လူမျိုးတုံးသတ်ဖြတ်နေတဲ့ မြန်မာနိုင်ငံ စစ်အာဏာရှင်ရဲ့ အကြင်နာမဲ့ ရက်စက်မှုတွေကို တဖန်ပြန်လည် ပြသနေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာက ပြောပါတယ်။
ရန်ကုန်မြို့ အင်းစိန်ဗဟို အကျဉ်းထောင်မှာ ထောင်တွင်းဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး နောက် အကြမ်းဖက်စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် အကျဉ်းသား အယောက် ၂၀ လောက် သေဆုံးသွားတယ်လို့ သိရပါတယ်။
ဇူလိုင် ၂၃ ရက်မနက်ပိုင်းက အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေက ထောင်ထဲမှာ ဖျားနာသူတွေ များနေပြီး ဆေးဝါးကုသမှုမလုံလောက်တာ၊ ရာဇဝတ်အသေးအဖွဲအမှုတွေကို လွှတ်ပေးပြီး ပုဒ်မ ၅၀၅(က) တွေကို လွှတ်မပေးတာ၊ ထောင်ထဲမှာ စည်းကမ်းတင်းကျပ်မှု များလာတာ စတဲ့အချက်သုံးချက်ကို အမြန်ဆုံးဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အင်းစိန်ထောင်အတွင်းက နိုင်ငံရေးသမားတွေကိုထားတဲ့ သီးသန့်ထောင် အမျိုး သမီးဆောင်ကနေ စတင်ပြီး နိုင်ငံရေးကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်မှုတွေဖြစ်ပွားခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ကမ္ဘာတဝှမ်းလုံးဟာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးက ကာကွယ်နိုင်ဖို့အတွက် အပြင်းအထန် တိုက်ခိုက်နေရချိန်မှာ ရှုံးနိမ့်နေပြီဖြစ်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်တပ်က ကမ္ဘာတဝှမ်းလုံးရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဆန့်ကျင်စွာ ပြုမူနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်တွေကတဆင့်၊ ကမ္ဘာတဝှမ်း ရောဂါကူး စက်ပျံ့နှံ့မှုတွေ မဖြစ်ပွားမီ ဆောလျင်စွာ အချိန်မလင့်နောက်မကျခင် တားဆီးထိန်းချုပ်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်မှုအောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ ထားရှိတဲ့ အကျဉ်းထောင်တွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းတွေ မြင့်တက်နေပြီး ကမ္ဘာတဝှမ်းလုံး အရှိန်အဟုန်နဲ့ ကူးစက်ပြန့်ပွားနေတဲ့ မထိန်းချုပ် နိုင်သေးတဲ့ မျိုးဗီဇပြောင်းဒယ်လ်တာမျိုးကွဲ တတိယလှိုင်းကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွေနဲ့ အတူတကွပူးပေါင်းပြီး ညီညီညွတ်ညွတ် တိုက်ထုတ်ကြရမယ်လို့လည်း ဒေါက်တာဆာဆာက ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၆၄,၅၂၇ ယောက်နဲ့ သေဆုံးသူ ၆,၇၅၆ ယောက်ထိ ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်ညမှာ ထုတ်ပြန်ပါတယ်။
ဒါ့ပေမယ့် မြေပြင်အခြေအနေမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်သုသာန်တွေမှာ နေ့စဉ် ရုပ်အလောင်း ၁၀၀၀ ကျော် မီးသင်္ဂြိုဟ်ပေးနေရတယ်လို့ ပရဟိတအဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။