close

ဒေါက်တာဇော်မြင့်မောင်

close

June 14, 2022

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပေါ် စစ်ကောင်စီကစွဲထားသည့်အမှုများ အမိန့်ချမည်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပေါ်  စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု ၅ မှုစလုံးအတွက် ဇွန် ၁၇ ရက်မှာ အပြီးသတ်အမိန့်ချဖို့  အိုးဘိုထောင်တွင်း တရားရုံးက ဇွန် ၁၄ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

ဒီကနေ့ မန္တလေးအိုးဘိုထောင်တွင်းတရားရုံးမှာ  အမှုနံပတ် ၆၊ ၇၊ ၈ တို့အတွက် နောက်ဆုံးအပြီးသတ်လျှောက်လဲချက်တင်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။

"ဒီနေ့ကအဂတိအမှုနံပတ် ၆၊ ၇၊ ၈ သုံးမှုအတွက် နောက်ဆုံးအပြီးသတ်လျှောက်လဲချက်တင်တယ်။  သောကြာနေ့မှာ အဂတိအမှု ၅ မှုစလုံးအတွက် အမိန့်ချမယ်။ မောင်ဝိတ်လှူတယ်ဆိုတဲ့ အမှုတွေပါတယ်။ သူ့အမှုက ၇ နဲ့ ၈ ။ ၇ က ဒေါ်လာတစ်သိန်းလှူတယ်ဆိုတဲ့အမှုပေါ့။ ၈ က ခရီးစရိတ်ငွေကျပ် ၆၅၀ လှူတဲ့အမှု။ အကုန်လုံးပြီးသွားပြီ။ အပြီးသတ်လျှောက်လဲချက်အ ဆင့်ကိုရောက်နေတာအခုက။ အပြစ်ရှိတယ်မရှိဘူးဆိုတာ ကိုယ်ကပြောရတာပေါ့။ ဒါကြောင့် အပြစ်မပေးသင့်ဘူးပေါ့။ လိုရင်းက ဒါပါပဲ။ အမှု ၆ က ဖွံ့ဖြိုးသစ်ကုမ္ပဏီအမှုဆောင်  အရာရှိချုပ်ဦးရဲမြင့်ရဲ့ တပည့်ကနေ ဘတ်ငွေ ၃ သိန်းပေးတယ်ဆိုပြီးတော့ အဂတိလိုက်စား တယ်ဆိုပြီးစွဲတာ။" 

ဒေါက်တာဇော်မြင့်မောင်ကို မတ် ၈ ရက်က အိုးဘိုထောင်တွင်းတရားရုံးမှာ အဂတိအမှု ၅ မှုအတွက် မန္တလေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးစိန်တင်က တရားလိုအဖြစ် စစ်ကောင်စီကိုယ်စား တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဓိကတရားလိုပြသက်သေ ဦးမောင်ဝိတ်က ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးမကောင်း တာကြောင့် ငွေကြေးလှူဒါန်းတာသာဖြစ်တဲ့အပြင် သူ့အဖေနဲ့ အဖိုးတို့ဟာ ကင်ဆာကြောင့်ကွယ်လွန်ခဲ့ရတာမို့ လှူတာဖြစ်တယ်လို့ တရားရုံးမှာထွက်ဆိုခဲ့ပြီး ရုံးချိန်းအပြီးမှာ ဒေါက်တာဇော်မြင့်မောင်ကို ဦးမောင်ဝိတ်က ကန်တော့ခဲ့ပါတယ်။ 

ဒေါက်တာဇော်မြင့်မောင်ဟာ နိုင်ငံရေးရာထူးရယူထားချိန်မှာ လာဘ်စားခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ စစ်ကောင်စီက စွဲချက်တွေတင်ခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင်ကတော့ ဘယ်သူ့ဆီကမှ ဘာမှမယူခဲ့သလို အပြစ်မရှိဘူး ရုံးချိန်းတွေမှာ ထွက်ဆိုခဲ့ပါတယ်။ ဦးမောင်ဝိတ်က အလှူငွေတွေကို ဒီအတိုင်းထားခဲ့တာသာဖြစ်ပြီး သူသွားတဲ့အချိန်တိုင်းမှာဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာဝေဒနာကြောင့် အိပ်နေတယ်လို့ ထွက်ဆိုထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာဝေဒနာအပြင်းအထန်ခံစားနေရချိန်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ်တာဝန်အပြင် ပါတီတာဝန်တွေကို တခြားသူတွေကို ခေတ္တလွှဲအပ်ထားခဲ့ရပါတယ်။ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အမှု ၉ မှုနဲ့ တရားစွဲခဲ့တာဖြစ်ပြီး အဲဒီထဲက သဘာ၀ဘေးပုဒ်မအမှု ၂ ခုအတွက် ၂၀၂၁ ဒီဇင်ဘာ ၈ ရက်က ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ပါတယ်။

12 hours Ago

March 9, 2022

အဂတိမှုစွပ်စွဲချက်အပေါ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ငြင်းဆို

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မတ်လ ၈ ရက်က အိုးဘိုထောင်တွင်း တရားရုံးမှာ အဂတိအမှု ၅ ခုအတွက် စွဲချက်တင်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လာမယ့် မတ်လ ၁၁ ရက်နေ့ ရုံးချိန်းကျရင် ပြန်ခေါ်သက်သေတွေကို စတင်စစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးစိန်တင်က တရားလိုအဖြစ် စစ်ကောင်စီကိုယ်စား တရားစွဲဆိုထားတာပါ။  

ဒေါက်တာဇော်မြင့်မောင်ဟာ နိုင်ငံရေးရာထူးရယူထားချိန်မှာ လာဘ်စားခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ စစ်ကောင်စီက စွဲချက်တွေတင်ထားတာပါ။ ဒေါက်တာဇော်မြင့်မောင်ကတော့ ဘယ်သူ့ဆီကမှ ဘာမှမယူခဲ့သလို အပြစ်မရှိဘူးလို့လည်း ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။

“စစ်ဆေးတဲ့အခါ တရားသူကြီးက ဖတ်ပြတယ်။ လိုရင်းပဲပြောပါလို့ ပြောတယ်။ အဲဒီအခါ ဒေါက်တာဇော်မြင့်မောင်က ကျနော် ဘယ်သူ့ဆီကမှ ဘာမှ မယူပါဘူးလို့ ပြောတယ်။ အပြစ်ရှိလား မရှိဘူးလားဆိုတော့ မရှိဘူးလို့ ရှင်းရှင်းလေးပဲ ပြောတယ်။ သောကြာနေ့မှာ ပြန်ခေါ်သက်သေ တွေထဲက တစ်ယောက်ကို စပြီးတော့ စစ်ဆေးမယ်”လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အမှု ၉ မှုနဲ့ တရားစွဲခဲ့တာဖြစ်ပြီး အဲဒီထဲက သဘာ၀ဘေးပုဒ်မအမှု ၂ ခုအတွက် ၂၀၂၁ ဒီဇင်ဘာ ၈ ရက်နေ့က ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ပါတယ်။

အဂတိလိုက်စားတယ်ဆိုပြီး စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေကိုတော့ သောကြာနေ့တိုင်း ပုံမှန်စစ်ဆေးခဲ့ပြီး နောက်ထပ်ရက်သတ္တပတ်တွေမှာတော့ အင်္ဂါနေ့တွေမှာပါ ထပ်တိုးစစ်ဆေးသွားဖို့ ရှိနေပါတယ်။

3 months Ago
Up