close

ဒေါက်တာလဲ့လဲ့မော်

close

November 17, 2022

နိုင်ငံခြားသား ၄ ဦး အပါအဝင် အကျဉ်းသား ၅၇၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေး

နိုင်ငံခြားသား ၄ ယောက်နဲ့  အနုပညာရှင်တွေအပါအဝင် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား  ၅၇၀၀ ကျော်ကို နိုဝင်ဘာလ ၁၇ ရက် မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့  စစ်ကောင်စီက ဒီကနေ့ ကြေညာပါတယ်။

အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၅၀၉၈ ဦးနဲ့ အကျဉ်းသူ ၆၇၆ ဦး စုစုပေါင်း ၅၇၇၄ ဦးတို့ကို  ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ ၁ အရ ပြန်လွှတ်ပေးလိုက်တာပါ။

ဒီအကျဉ်းသားတွေအနေနဲ့ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပြုလိုက်တာလို့ စစ်ကောင်စီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်လိုက်တာပါ။ 

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သူတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး၊  တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊  ပန်းချီဆရာ ထိန်လင်း၊ လူရွှင်တော် ဟာသ သရုပ်ဆောင် ဆင်မ တို့ ပါဝင်ပါတယ်။ 

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ နိုင်ငံခြားသား ၄ ယောက်ကတော့ ဩစတြေးလျ နိုင်ငံသား  စီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာရှောင်တာနယ်၊ ဗြိတိန်နိုင်ငံသူ  မစ္စဗစ်ကီဘိုမင်၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ တိုရူကူဘိုတာနဲ့ အမေရိကန်နိုင်ငံသား ကိုကျော်ဌေးဦး တို့ဖြစ်ပါတယ်။

သူတို့ ၄ ယောက်ကို နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့ အနေနဲ့လည်းကောင်း၊ နိုင်ငံအသီးသီးနဲ့ မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုသောအားဖြင့် ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါ့အပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆို ထားတဲ့ အနုပညာရှင် ၁၁ ဦးကိုလည်း လူမှုရေးအရ ငဲ့ညှာသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်ရဲ့ မေတ္တာနဲ့ စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း စွဲဆိုထားတဲ့ အမှုတွေကို ပိတ်သိမ်းခွင့်ပြုလိုက်တယ်လို့ သီးခြားထုတ်ပြန်ပါတယ်။

အဆိုပါ အနုပညာရှင် ၁၁ ဦးကတော့ သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက်၊ သရုပ်ဆောင် ဖွေးဖွေး၊ မော်ဒယ် ဟေမန်သုသုအောင်၊ ဒါရိုက်တာ မယ်မင်းဘုံ၊ အစီအစဉ်တင်ဆက်သူ စုမွန်၊ အဆိုတော် နီနီခင်ဇော်၊ သရုပ်ဆောင် သီဟဖြိုး၊ သရုပ်ဆောင် သဇင်ထူးမြင့်၊  မော်ဒယ် ထက်ထက်ထွန်း ၊ သရုပ်ဆောင် နန်းခင်ဇေယျာနဲ့ သရုပ်ဆောင် ယွန်းဝတီလွင်မိုးတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ၁ နှစ်ခွဲကျော် ဒီနေ့အထိ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီး ချုပ်နှောင်ခံရသူပေါင်း  ၁၃,၀၁၅ ယောက်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

6 mins Ago

February 15, 2020

တနင်္သာရီဂျာနယ်အမှု ပြင်ဆင်မှုလျှောက်ထားချက် တိုင်းတရားလွှတ်တော် ပလပ်

‘မဲဆွယ်ပြုံး’ သရော်စာ ရေးသားဖော်ပြတဲ့အတွက် သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) နဲ့ တရားစွဲခံရတဲ့ တနင်္သာရီဂျာနယ်အမှုအား အပြစ်ရှိကြောင်း ထားဝယ်မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့အပေါ် ဂျာနယ်ဘက်က ပြင်ဆင်မှု လျှောက်ထားတာကို တိုင်းဒေသကြီး တရားလွှတ်တော်က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပလပ်လိုက်ပါတယ်။ ထားဝယ်မြို့နယ်တရားရုံးက သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ)အရ တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာအပေါ် ဒဏ်ငွေ ၅ သိန်း ပေးဆောင်စေရန်၊ သို့မဟုတ် မဆောင်ပါက အလုပ်နဲ့ ထောင်ဒဏ် ၆ လကျခံစေဖို့ ချမှတ်တဲ့အမိန့်အပေါ် ဂျာနယ်ဘက်က ပြင်ဆင်မှု လျှောက်ထားတာပါ။ ပြင်ဆင်မှု လျှောက်ထားသူဘက်က ‘မဲဆွယ်ပြုံး’ သရော်စာဟာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား ရည်ညွှန်းပြီး ရေးသားခြင်း မဟုတ်ကြောင်း၊ ကာတွန်းမောင်ဝဏ္ဏရဲ့ ဇာတ်ကောင် ရှင်ဂွမ်းဂွိကို အသုံးပြုပြီး လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူထုလူတန်းစားအသီးသီးရဲ့ လွဲချော်တာတွေ၊ ဖောက်ပြန်တတ်တဲ့ သဘာဝတွေကို ဟာသရသနဲ့ ဝေဖန်ရေးသားတာလို့ ထုချေတင်ပြခဲ့တယ်။ ပြင်ဆင်မှု လျှောက်ထားတဲ့ ထွက်ချက်အရ မဲဆွယ်ပြုံး ဇာတ်ကောင် ရှင်ဂွမ်းဂွိဟာ ဒေါက်တာလဲ့လဲ့မော်ကို ရည်ညွှန်းတယ်လို့ ပေါ်ပေါက်နေကြောင်း၊ သရော်စာပါ ရေးသားချက်တွေဟာ အရှက်ရအောင်၊ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ရေးသားဖော်ပြခြင်းဖြစ်တဲ့အတွက် အဆိုပါရေးသားချက်ဟာ ဒေါက်တာလဲ့လဲ့မော်နဲ့ အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေတဲ့ ရေးသားချက်ဖြစ်ကြောင်း၊ ရေးသားသူ မူးဆေးအိုးအနေနဲ့ သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ)အရ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက “ထားဝယ်မြို့နယ်တရားရုံးက ပြင်ဆင်မှုလျှောက်ထားသူ ဦးမျိုးအောင်ကို သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) အရ ပြစ်မှုထင်ရှားပြီးတော့ ဒဏ်ငွေ ၅ သိန်း ပေးဆောင်စေဖို့ ချမှတ်တဲ့အမိန့်နဲ့ ယင်းအမိန့်ကို အတည်ပြုတဲ့ ထားဝယ်ခရိုင် တရားရုံးအမိန့်တွေဟာ ဥပဒေအရ မှားယွင်းမှုမရှိကြောင်း သုံးသပ်ပြီးတော့ ပြင်ဆင်မှုကို ပလပ်ခြင်းပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ တနင်္သာရီဂျာနယ်မှ ‘မဲဆွယ်ပြုံး’ သရော်စာကို ရေးသားသူ ကလောင်ရှင်မူးဆေးအိုးမှာ မည်သူမည်ဝါဖြစ်သည်ကို ဂျာနယ်တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးမျိုးအောင်က တရားရုံးမှာ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ အမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြင်ဆင်မှု ထပ်တက်မယ်လို့ ပြောပါတယ်။ “ပလပ်လိုက်တာနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က ဥပဒေအကြောင်းအရရော၊ အကြောင်းအခြင်းအရာအရရော ချေပခဲ့ပေမယ့် ရုံးတော်မှ ဒီလိုမျိုး အမိန့်ချတာနဲ့ပတ်သက်ပြီး စိတ်မကောင်းဘူးပေါ့နော်၊ ဒါပေမဲ့ ကိုယ် လုပ်စရာရှိတာတွေ ဆက်လုပ်ရမယ်” လို့ ဦးမျိုးအောင်က ဆိုပါတယ်။ တနင်္သာရီအပတ်စဉ်ဂျာနယ်အတွဲ ၅၊ အမှတ် ၁၇ ပါ ကလောင်ရှင် မူးဆေးအိုး၏ “မဲဆွယ်အပြုံး” သရော်စာ ရေးသားဖော်ပြချက်မှာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ထိခိုက်နစ်နာစေတယ်ဆိုပြီး တိုင်အစိုးရအဖွဲ့ရုံး ဒုတိယညွန်ကြားရေးမှူး ဦးအေးလူက တနင်္သာရီဂျာနယ်တာ၀န်ခံ အယ်ဒီတာဦးမျိုးအောင်အား သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) နဲ့ ထားဝယ်မြို့နယ်တရားရုံးမှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက တရားစွဲဆိုခဲ့တာပါ။ တစ်နှစ်ကျော်အကြာ အမှုဆိုင်ရင်ပြီးနောက် ထားဝယ်မြို့နယ်တရားရုံးက ၂၀၁၉ နှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ဒဏ်ငွေ ၅ သိန်းကျပ်ပေးဆောင်ဖို့ အမိန့်ချခဲ့ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအပေါ် ဂျာနယ်ဘက်က မျှတမှု မရှိဘူးဆိုပြီး ထားဝယ်ခရိုင်တရားရုံးကို မတ်လ ၁၃ ရက်နေ့မှာ ပြင်ဆင်မှု လျှောက်ခဲ့ရာ ထားဝယ်မြို့နယ် တရားရုံးက စီရင်ချက်နဲ့ အမိန့်ကို အတည်ပြုပြီး အယူခံ လျှောက်ထားမှုကို ပလပ်ခဲ့ပါတယ်။  ဒီနောက် ဂျာနယ်ဘက်က ၂၀၁၉ ခုနှစ် ဇွန် ၃ ရက်မှာ ပြင်ဆင်မှု ထပ်မံ လျှောက်ထားခဲ့တဲ့အပေါ် တိုင်းတရားလွှတ်တော်က လက်ခံခဲ့ပြီး အောက်တိုဘာ ၁၈ နေ့မှာ အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပြီးနောက် မနေ့က ထပ်မံ ပလပ်လိုက်တာပါ။ တင့်လွင်
3 years Ago
Up