နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိအမှုတွေထဲက ရဟတ်ယာဉ်သက်တမ်းတိုးတဲ့အမှုကို ဩဂုတ် ၂ ရက်က နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
တရားရုံးနဲ့ နီးစပ်သူတယောက်က “၄၀/၈ ရဟတ်ယာဉ်သက်တမ်းတိုးတဲ့ကိစ္စ စစ်တယ်။ လိုပြသက်သေ ဒုဝန်ကြီးဟောင်း ဦးစိုးအောင်ကို စစ်တယ်။ မောင်ဝိတ်အမှု ၃ နဲ့ ၄ အတွက်မှာ လိုပြသက်သေ ၃ ယောက်ကို စစ်တယ်။ နောက်ရုံးချိန်းက လာမယ့် ၉ ရက်နေ့ အင်္ဂါနေ့” လို့ ပြောပါတယ်။
ပြည်သူတွေ သဘာဝဘေးအန္တရာယ် ကြုံတဲ့အခါမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ‘
ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိအမှုတွေကို ဇူလိုင် ၂၆ ရက်ကလည်း စစ်ဆေးခဲ့ပြီး အဲ့ဒီရုံးချိန်းမှာ ရဟတ်ယာဉ်အမှု ၄၀/၇ အတွက် တရားလိုပြသက်သေ ဒုဝန်ကြီးဟောင်း ဦးစိုးအောင်ကို စစ်ဆေးခဲ့ပါသေးတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးမောင်ဝိတ်က အလှူငွေပေးအပ်ခဲ့တဲ့ အဂတိအမှု ၂ မှုအတွက်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ကြောင်း ဇူလိုင် ၂၅ ရက် ရုံးချိန်းမှာ တရားရုံးက အမိန့်ချထားပါတယ်။
ဇူလိုင် ၂၆ ရက် ရုံးချိန်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်အမှုတွေရဲ့ တရားလို ဦးရဲထက်ကို တရားရုံးက ပြန်ခေါ်သက်သေအဖြစ် ဆက်လက်စစ်ဆေးခဲ့ပြီး စစ်ဆေးဖို့ကျန်နေတဲ့ လိုပြသက်သေတွေထဲက ၃ ယောက်ကို ဩဂုတ် ၂ ရက်နေ့ ရုံးချိန်းမှာ ဆက်လက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုပေါင်း ၂၀ ထက်မနည်း ရှိခဲ့ပြီး အဲ့ဒီအထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပါတယ်။ ကျန်တဲ့အမှုတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ပေါင်းလိုက်ရင် အသက် ၇၇ နှစ်အရွယ် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နောက်ထပ် ထောင်ဒဏ် အနှစ် ၁၈၀ ကျော်အထိ ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
တော်လှန်ရေးပြီးလို့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ထူထောင်စဉ်ကာလအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သေသေချာချာပြန်လုပ်ပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက အာမခံလိုက်ပါတယ်။
တော်လှန်ရေးမှာ ပြည်သူတွေရဲ့ ထိခိုက်နစ်နာခံရမှုတွေအတွက် စာနာဂုဏ်ယူခြင်း၊ မှတ်သားထားခြင်းများ ပြုလုပ်ထားတယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကွန်ရက်စာမျက်နှာကတဆင့် အသိပေးပါတယ်။
လက်ရှိကာလ ပြည်သူ့ခုခံတော်လှန်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်နက်မရှိတဲ့ အရပ်သားပြည်သူတွေ ထိခိုက်မှု တတ်နိုင်သမျှနည်းအောင် အထူးကြိုးပမ်းဆောင်ရွက်ကြပေမဲ့ အကြမ်းဖက်စစ်တပ်ဟာ နည်းလမ်းမျိုးစုံနဲ့ လက်နက်မဲ့ ပြည်သူများကို အကြမ်းဖက် လုယက်သတ်ဖြတ်ခြင်း၊ အိမ်များကို မီးရှို့ခြင်း၊ လက်နက်ကြီးများနဲ့ လူနေအိမ်ရပ်ကွက်ကို ပစ်ခတ်ဖျက်ဆီးခြင်းများစတဲ့ လုပ်ရပ်မျိုးစုံကို ကျူးလွန်နေတာကိုလည်း သူက ထောက်ပြပါတယ်။
အဲလိုအဖြစ်အပျက်တွေအတွက် လူသားချင်းစာနာကူညီရေးလုပ်ငန်းတွေကို ဝန်နဲ့အား မမျှတဲ့ကြားက ပြည်တွင်းပြည်ပရှိ ပြည်သူတွေရဲ့ အကူအညီနဲ့ ကိုယ်စွမ်းရှိသလောက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ဆက်လက်ပံ့ပိုးပေးနေတယ်လို့ ၀န်ကြီးက ဆိုပါတယ်။
ဒီလို ပဋိပက္ခဘေးတွေဟာ အကြမ်းဖက် စစ်ကောင်စီ ပြုတ်ကျမှသာ ရပ်တန့်သွားမှာ ဖြစ်လို့ တော်လှန်ရေးကို မြန်မြန်ပြီးဆုံးနိုင်အောင်လည်း ပြည်သူတွေနဲ့အတူတူ အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်နေကြတယ်လို့ သူက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာလ ရ ရက်နေ့ကပြီး နိုင်ငံတဝန်းအရေးပေါ်အခြေအနေကြေညာပြီး အာဏာသိမ်းစစ်ကောင်စီကို ခုခံစစ်ဆင်နွှဲကြဖို့ ပြည်သူလူထုနဲ့ လက်နက်ကိုင်အင်အားစုအားလုံးကို တိုက်တွန်းထားပါတယ်။