ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင် ၆ ရက်နေ့က စတင်ကာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ဆေးရုံမှာထားစရာနေရာမရှိတော့လို့ အိမ်ပြန်လွှတ်နေတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ ဇူလိုင် ၁ ရက်နေ့ကစတင်ပြီး ဇူလိုင် ၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၂၃၄ ဦးထိ တွေ့ရှိခဲ့ပြီးနောက်ပိုင်း လူနာကုသပေးဖို့ နေရာမရှိတော့လို့ အိမ်ပြန်လွှတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“အတည်ပြုလူနာကများလာတော့ ထားစရာနေရာ မရှိတော့တာ၊ အဖမ်းခံထားရတဲ့ ဆေးရုံအုပ်ကြီးလက်ထက်က အလှူရှင်လည်း များတယ်၊ ဆရာဝန်ကြီးက အစီအစဥ်လည်း ကောင်းတယ်၊ ပြီးတော့ နေရာတွေစီစဥ်ထားတယ်လည်း အများကြီးရှိခဲ့တယ်။ ခု ဆရာကြီး စီစဥ်ပေးထားတဲ့ နေရာတွေမှာပါ ပြည့်ကုန်တာ” လို့ အမည်မဖော်လိုတဲ့ ပရဟိတလုပ်ကိုင်သူ ၁ ဦးက DVB ကို ပြောပါတယ်။
ဆေးရုံမှာ နေရာမရှိတော့လို့ ပြန်လွှတ်ပေးနေတဲ့အထဲမှာ လူငယ်တွေနဲ့ ရောဂါအခံမရှိတဲ့ ကူးစက်ခံထားရသူတွေကို ပြန်လွှတ်ပေးတာများတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် လက်ထက်မှာ ပုသိမ်ပြည်သူဆေးရုံကြီး၊ တိုင်းရင်းဆေးရုံနဲ့ ကိုးသိန်းစာသင်ကျောင်းတွေမှာ လူနာတွေကို ကုသပေးခဲ့ပြီး ခုလိုဖြစ်စဥ်မျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
ပုသိမ်မြို့မှာတော့ ဇူလိုင်လပထမအတွင်း ကိုဗစ်ကူစက်ခံရပြီး သေဆုံးသူ အတည်ပြုလူနာ ၄ ဦးထိရှိလာပြီ ဖြစ်ပါတယ်။
ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကို မေလ ၂၆ ရက်နေ့က ပုသိမ်အကျဉ်းထောင်အတွင်း တရားရုံးမှာ ၆ ကြိမ်မြောက်ရုံးထုတ်ပါတယ်။
ဆရာကြီးဒေါက်တာသန်းမင်းထွဋ်ရဲ့ ကျန်းမာရေးကောင်းမွန်နေပြီး အစားအသောက်လည်း အဆင်ပြေကြောင်း သူ့ရဲ့ အကျိုးဆောင်ရှေ့နေကပြောပါတယ်။
ဒီနေ့ ရုံးချိန်းမှာ ဒေါက်တာသန်းမင်းထွဋ်ကို စစ်ဆေးခြင်းမရှိသေးဘဲ အမှုကို ဇွန်လ ၂ ရက်နေ့မှာ ရုံးချိန်းထပ်မံချိန်းဆိုထားပါတယ်။
ပုသိမ်ဆေးရုံကြီးမှ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၅ရက်နေ့မှစတင် အာဏာဖီဆန် CDM လှုပ်ရှားမှု ပြုလုပ်နေကြတာပါ။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီက ဒေါက်တာသန်းမင်းထွဋ်ကို ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်က တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅-က နဲ့ မတ်လအတွင်း ဖမ်းဆီး အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ပုသိမ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရသူ အယောက် ၅၀ ကျော်ရှိပြီး ထောင်တွင်း တရားရုံးမှာ အမှုစစ်ဆေးနေတာဖြစ်ပါတယ်။