မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို မေလ ၂၅ ရက်နေ့မှာ ပွင့်ဖြူမြို့နယ်တရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ့ခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ် လို့ ဝန်ကြီးချုပ်ရဲ့ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ တရားလွတ်တော်ရှေ့နေ ဦးမြင်အောင်က ဒီဗွီဘီကို ပြောပါတယ်။
“ရွေးကောက်ပွဲမတိုင်ခင်က ပွင့်ဖြူမြို့နယ်က ကျေးရွာ ၂ ရွာမှာ စည်းရုံးရေးဆင်းတယ်ပေါ့။ ရွေးကောက်ပွဲ ပြီးတော့လည်း ကျေးရွာတရွာမှာ အခမ်းနားတခုတက်တယ်ပေါ့။ အဲဒီတက်တဲ့ အခမ်းအနားမှာ လူစုလူဝေး ၃၀ ထက်ပိုတယ်ပေါ့ဗျာ။ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ဗဟိုကော်မတီက ခုတ်ပြန်ထားတဲ့ စဥ်းမျဥ်းစည်းကမ်းနဲ့မညီဘဲ လူစုလူဝေး ၃၀ ထက်ကျော်တယ်လို့ စွပ်စွဲပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ နဲ့ စစ်ကောင်စီက တရားစွဲဆိုတဲ့ အမှုဖြစ်တယ်။”
မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက အမှု ၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒါဏ် ၂ နှစ်၊အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၆ မှု အတွက် ထောင်ဒဏ် ၁၈ နှစ်၊ ရွေးကောက်ပွဲမှာ မဲမလျော်သြဇာသုံးမှု ရာဇသတ်ကြီးပုဒ်မ ၁၇၁(စ)လုံး နဲ့ ထောင် ၁ နှစ်၊ အခု သဘဝဘေးပုဒ်မ ၂၅ နဲ့ ထောင် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၄ နဲ့ ချမှတ်ခံခဲ့ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။
“ဝန်ကြီးချုပ်ကို အမိန့်ချတဲ့ အမှုတွေက ဒီအမှုနောက်ဆုံးဖြစ်မယ်လို့ထင်ပါတယ်။ နှစ်ကျော်နေပြီဆိုတော့ နောက်ပိတ်ဆုံးအမှုဖြစ်ဖို့များပါတယ် ။မနေ့က မိန့်မချခင်တွေ့တဲ့အထိ ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးကောင်းမွန်ပါတယ်။”
မကွေးတိုင်းဒေသကြီးရဲ့ တာဝန်ရှိသူ ဝန်ကြီးချုပ်တဦးကို မတရားအမှုဆင်ပြီး နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်နေလို့လည်း ကျနော်တို့ မကွေးပြည်သူလူထုက တော်လှန်ရေးမှာ ပါဝင်နေတဲ့ အရှိန်တန့်သွားမှာမဟုတ်ဘူး။ ဒီလို မတရားတဲ့ ကိစ္စတွေကို စစ်အုပ်စုက လုပ်လေလေ ကျနော်တို့ ပြည်သူလူထုတရပ်လုံးနဲ့ တော်လှန်ရေး အင်အားစုများက တော်လှန်ရေးမှာ ပိုပြီးတော့ တော်လှန်ပါဝင် ပုန်ကန်လေလေဖြစ်မှာပဲ” လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ မကွေးလူထုတိုက်ပွဲကော်မတီရဲ့ ဦးဆောင်သူ ကိုချစ်ဝင်းမောင်က ပြောပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတအပါဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေကို အမှုပေါင်းစုံနဲ့စွပ်စွဲကာ လိမ်လည် အမှုဆင်အကွက်ချပြီး ဒီလို အမိန်ချနေတာတွေဟာ သူတို့ရဲ့ ဏ်ရည်တိမ်မှုကို ပြနေတာပဲလို့ ဆိုပါတယ်။
“ဒီလိုတွေလုပ်ပြနေလို့လည်း ဘယ်ပြည်သူ ဘယ်နိုင်ငံကမှ သူတို့ကို ယုံကြည်အားကိုးလေးစားမှာမဟုတ်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့်သာ သူတို့က ကျနော်တို့ရဲ့ ရန်သူဆိုတာ ပြတ်ပြတ်သားသား ပြည်သူလူထုရဲ့ရင်ထဲကို ပိုပြီးဝင်သွားမှာဖြစ်တယ်။ ပြည်သူလူထုအနေနဲ့လည်း ဒါတွေကို ပြတ်ပြတ်သားသားသိရှိနားလည်ပြီးသားဖြစ်လို့ သူတို့ ဘယ်လိုပဲ ကောက်ကျစ်နေပါစေ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံးကင်းမဲ့ တဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို မရောက်ရောက်အောင်ချီတက်ပြီး ရှေ့ဆက်ပြီး ရင်ဆိုင်တိုက်ပွဲဝင်သွားမယ်” လို့ ကိုချစ်ဝင်းမောင်က ပြောပါတယ်။
ဒေါက်တာအောင်မိုးညိုဟာ NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်နဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဖြစ်ခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတိုင်းမှာ NLD ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ စစ်ကောင်စီက ရွေးကောက်ပွဲ မသမာမှုနဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲလိုက်တယ်လို့ အမှုလိုက်ပါ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေဆီကနေ သိရပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာ ဘက်လိုက်တယ်ဆိုပြီးတော့ တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး ရာဇသတ်ကြီးပုဒ်မ ၁၇၇(စ) နဲ့ တရားစွဲဆိုကာ ဒီကနေ့ရုံးထုတ်တယ်လို့ အမှုလိုက်ပါ အကျိုးဆောင်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်က ပြောပါတယ်။
“ကျနော်လည်း အခုမှသိရတာဖြစ်ပြီး အဲဒီအမှုနဲ့ပတ်သက်ပြီးတော့ ပါဝါတင်ခဲ့တယ်ဗျ။ အဲဒီအမှုနဲ့ ပတ်သက်လို့ ကျနော်ရယ်၊ ဦးမြင့်အောင်ရယ်၊ ဒေါ်စန္ဒီမြင့်နိုင်ရယ်၊ တရားလွှတ်တော်ရှေ့နေ သုံးယောက် လိုက်ပါအကျိုးဆောင်ပေးမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေအားလုံး ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲဗျ။ သူတို့ကတော့ ပြစ်ဒဏ်ဘယ်လောက်ချချ မမှုတဲ့ပုံစံမျိုးဘဲ။ ဘာလို့လည်းဆိုတော့ ထောင်ထဲမှာ အနေကြာလာတဲ့အပြင် စစ်ကောင်စီက ပြစ်ဒဏ်ချချင်သလောက်ချနေတာဆိုတော့ သိပ်မမှုတော့တဲ့ ပုံစံမျိုးနဲ့ ပေါ့ပေါ့ပါးပါးပါပဲ” လို့ ပြောပါတယ်။
အဲဒီ ရွေးကောက်ပွဲအမှုဟာ ရဲအရေးပိုင်တဲ့ အမှုမဟုတ်ကြောင့် တရားရုံးဦးတိုက်လျှောက်ရတဲ့ အမှုဖြစ်ပြီးတော့ အမြင့်ဆုံး ပြစ်ဒဏ်က ထောင်ဒဏ် တစ်နှစ်နဲ့ ဒဏ်ငွေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက ဇွန် ၇ ရက်နေ့က ပုဒ်မ-၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ထားပြီးတော့ အဂတိမှု ၆ မှုနဲ့ တရားစွဲဆိုထားတာလို့ သိရပါတယ်။
၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ တစ်မှုကို အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်ပါတယ်။