နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ၂ နှစ်လောက် ဖမ်းဆီးချုပ်နှောင်ပြီးနောက် ဒိုက်ဦးဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။
မိသားစုနဲ့နီးစပ်သူ တစ်ဦးက “ဒိုက်ဦးဗဟိုအကျဉ်းထောင်ကို ပြောင်းလိုက်တယ်လို့ သိရပါတယ်၊ ဘယ်နေ့က ပြောင်းလဲဆိုတာ မသိရဘူး၊ ဒီဇင်ဘာနောက်ဆုံးအပတ်ထဲမှာ၊ ဝန်ကြီးချုပ်ကတော့ ကျန်းကျန်းမာမာပဲ”လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ စစ်ကောင်စီက ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ထားတဲ့ ရွေးကောက်ပွဲမလျော်သြဇာသုံးမှုနဲ့ ပတ်သက်တဲ့ အမှု ၃ ခုအတွက် မွန်ပြည်နယ်တရားလွှတ်တော်မှာ အယူခံ လျှောက်တင်ထားတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို အကျဉ်းထောင် ပြောင်းရွှေ့လိုက်တာကြောင့် အယူခံအမှုတွေအတွက် တရားရင်ဆိုင်ဖို့ အခက်အခဲ ရှိလာနိုင်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ဆိုပါတယ်။
ဒိုက်ဦးအကျဉ်းထောင်ဟာ လူ ၁၀၀၀ ဆံတဲ့ အကျဉ်းထောင် တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ဗဟိုအကျဉ်းထောင်အဖြစ် အဆင့်မြှင့်တင်ခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံ အသက် ၆၈ နှစ်အရွယ် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပုဒ်မ ၁၃ ခုနဲ့ အမှုဖွင့် တရားစွဲခဲ့တာပါ။
အဲဒီထဲမှာ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ၊ ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က)နဲ့ ထောင်ဒဏ် ၂ နှစ် ၊ ၁၇၁(စ) နဲ့ အမှု ၂ မှုအတွက် ထောင်ဒဏ် ၂ နှစ် ၊ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။
ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၂ နှစ်ထပ်မံ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ထားတာပါ။
ဒီအမှုအတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဒီဇင်ဘာ ၆ ရက်က အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီးနောက် ထောင်ဒဏ် ၂ နှစ် ထပ်မံ အမိန့်ချမှတ်ခဲ့တာပါ။
“အမှုတမှုအတွက် ထောင်ဒဏ် ၁ နှစ်စီ၊ စုစုပေါင်း ထောင်ဒဏ် ၂ နှစ် ထပ်ချတယ်။ ဝန်ကြီးချုပ်ကတော့ ဒီအမှုတွေအတွက် တရားရုံးအဆင့်ဆင့်ကို အယူခံတင်သွားမယ်လို့ ပြောတယ်” လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တဲ့ အဲဒီအမှုတွေဟာ တရားစွဲအဖွဲ့အစည်း ခွင့်ပြုအမိန့်မပါတာကြောင့် အမှုတခုလုံးကို ချေဖျက်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက အမိန့်ချပြီးနောက် စစ်ကောင်စီက ပြန်လည်တရားစွဲထားတဲ့ အမှုတွေလည်း ဖြစ်ပါတယ်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ၊ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က)နဲ့ ထောင်ဒဏ် ၂ နှစ် ၊ ၁၇၁(စ) နဲ့ အမှု ၂ မှုအတွက် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။
အသက် ၆၈ နှစ်အရွယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး လက်ရှိမှာတော့ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ သိရပါတယ်။