စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဒေါင့်ကြီးကျေးရွာအနီးမှာ ကင်းလှည့်ပတ်နေတဲ့ လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာကြောင့် ၃ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ တန့်ဆည် PDF က သိရပါတယ်။
တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းရွာ အနောက်တံတားဘက်ကနေ ဒေါင့်ကြီးကျေးရွာဘက်ကို ခြေလျင် ကင်းလှည့်ပတ်နေတဲ့ လက်နက်ကိုင်စစ်ကောင်စီ အင်အား ၁၅ ဦးလောက်ပါအဖွဲ့ကို ဒီဇင်ဘာ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မိုင်းဆွဲခံရပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို ကားနဲ့ တင်ဆောင်သွားတယ်လို့ တန့်ဆည် PDF က ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီဇင်ဘာ ၁၄ရက်နေ့ ညနေပိုင်းကလည်း တန့်ဆည် - ဘာကိုးဆည်ဘက်ကိုသွားတဲ့ လက်နက်ကိုင် ပျူစောထီးအဖွဲ့ လိုက်ပါလာတဲ့ မော်တော်ယာဉ် တစ်စီးကိုလည်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ တန့်ဆည် PDFက ထုတ်ပြန်ကြေညာထားပါတယ်။
ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းကလည်း တန့်ဆည်မြို့နယ် ရွာသာယာကျေးရွာက ပြန်လာတဲ့ စစ်ကောင်စီယာဉ်တစ်စီးနဲ့ ဆိုင်ကယ်ကားစီးကို မိုင်းဆွဲတိုက်ခိုက်ရာက စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာကို အောက်တိုဘာ ၉ ရက် မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ပြီး နေအိမ် ၅ လုံးကို ဖျက်ဆီးသွားကာ လူငယ် ၇ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “မနက်ပိုင်းက စပြီးဝင်တာပဲ။ နေအိမ် ၅ လုံး ဖျက်ဆီးခံရတယ်။ ကုန်စုံဆိုင်တစ်ဆိုင်က အရက်၊ ဖျော်ရည်၊ စားသောက်ကုန်တွေ ယူသွားကြပါတယ်။ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦး အပါအဝင် လူငယ်၊ လူလတ်ပိုင်း ၇ ဦးကို မတရားဖမ်းဆီးသွားတယ်။ ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ ၇ ဦးမှာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ပြီး အသက်မပြည့်သေးသူ မိန်းကလေးကိုတော့ သူ့ဖခင်မတွေ့လို့ ဖမ်းဆီးခံရတာဖြစ်လို့ ဖခင် အဖမ်းခံရင် လွှတ်ပေးမယ် ပြောတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဒေါင့်ကြီးကျေးရွာကို တနေကုန် မွှေနှောက်ဖမ်းဆီးပြီး ညနေ ၄ နာရီခွဲခန့်မှာ တန့်ဆည်စခန်းကို ပြန်သွားတယ်လို့ သိရပါတယ်။
တန့်ဆည်မြို့နယ်အတွင်းက ကာပေါင်းကျ၊ ကျီကုန်း၊ ဒေါင့်ကြီး စတဲ့ရွာတွေကိုလည်း စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး ပြည်သူလူထုနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ဖူးပါတယ်။