ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ကနေ -ဆိုလစယ်- ဒေါတမြေး-ဒေါတမကြီး-ဘော်လခဲကို ဆက်သွယ်ထားတဲ့လမ်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန အမှတ် (၁) ခရိုင် ဒီးမော့ဆိုမြို့နယ်က ကြေညာပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ အများပြည်သူရဲ့ လုံခြုံရေးအတွက် အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ဖေဖော်ဝါရီ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပြီး ခရီးလုံးဝ သွားလာခြင်း မပြုဖို့လည်း တားမြစ်ထားပါတယ်။
ဒီလို ကန့်သတ်ချက်စာကို ကရင်နီပြည်အစိုးရကနေ ထုတ်ပြန်ထားသလိုပဲ လွိုင်ကော် -ဘုရားဖြူလမ်းကို စစ်ကောင်စီဘက်က ဈေးကားတွေ ဖြတ်သန်းသွားလာခွင့်မပြုတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဆန်၊ ဆီ၊ ဆားတွေကိုလည်း အကန့်အသတ်လုပ်ပြီးမှ ဖြတ်သန်းစေခိုင်းသလို ဒီးမော့ဆိုဘက်ခြမ်းသွားတဲ့ ဝင်ပေါက်မှန်သမျှကို ရိက္ခာကန့်သတ်မှု စစ်ကောင်စီက တင်းကျပ်လာနေကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ကရင်နီ(ကယား)ပြည်နယ်ရှိ မြို့နယ် ၇ မြို့ထဲက ၄ မြို့နယ်ဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနဲ့ ရှားတောမြို့နယ်တို့ စစ်အုပ်ချုပ်ရေး ကြေညာထားပြီးတဲ့နောက် နေ့စဉ် စားသုံးရိက္ခာတွေကို သယ်ယူခွင့် တင်းကျပ်လာတာဖြစ်ပါတယ်။
တဖက်မှာလည်း တော်လှန်ရေးအဖွဲ့က ဒီလိုသွားလာမှုတွေကို ကန့်သတ်ထားတဲ့အတွက် ဒီးမော့ဆိုမြို့နယ် သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေရဲ့အရေး စိုးရိမ်စရာဖြစ်လာပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး-ဘော်လခဲ လမ်းပိုင်းကို ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ဖြတ်သန်းသွားလာခွင့်နဲ့ ကုန်စည်တွေသယ်ဆောင်ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကကြေညာပါတယ်။
အဆိုပါလမ်းပိုင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ကနေ ဖေဖော်ဝါရီ ၃ ရက်အထိ တစ်ပတ်တစ်ကြိမ် တစ်လတိတိ သွားလာခွင့်ပြုမယ်လို့ ကြေညာခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်မတိုင်ခင် အခုလို ထုတ်ပြန်တာလည်းဖြစ်ပါတယ်။
ဒီလိုဖြတ်သန်းသွာလာခွင့် ပိတ်ထားပေမယ့် ခြွင်းချက်အနေနဲ့ ကျန်းမာရေးကိစ္စလို အရေးပေါ်ကိစ္စမျိုးကို ဖြတ်သန်းသွာလာခွင့်ပြုမှာဖြစ်ကြောင်းနဲ့ ကြေညာချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူမယ်လို့လို့ KNDF က ထုတ်ပြန်ကြေညာပါတယ်။