ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် လျှပ်စစ်မီတာရုံးနဲ့ သာကေတမြို့နယ် မင်းနန္ဒာလမ်းနဲ့ ဧရာဝဏ်လမ်းဆုံထိပ်ရှိ ရဲကင်းတဲတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ G-20 UBPO အဖွဲ့က အတည်ပြု ကြေညာပါတယ်။
စက်တင်ဘာ ၂၅ ရက်၊ ညနေ ၅ နာရီလောက်မှာ ဒေါပုံမြို့နယ် ဇေယျာသီရိလမ်းပေါ်က လျှပ်စစ်မီတာရုံးနဲ့ ၅ နာရီ ၂၅ မိနစ်မှာ သာကေတမြို့နယ် မင်းနန္ဒာလမ်းမကြီးနဲ့ ဧရာဝဏ်လမ်းမကြီးဆုံရာ လမ်းဆုံထိပ်မှာရှိတဲ့ ရဲကင်းတဲတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်ဆောင်နေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ နေအိမ်တွေ၊ ပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးနေတဲ့ သတင်းပေးဒလန်တွေရဲ့ စီးပွားရေးအဆောက်အုံတွေကိုလည်း ဖောက်ခွဲဖျက်ဆီးသွားမယ်လို့ G-20 UBPO အဖွဲ့က ကြေညာချက်ထုတ် သတိပေးထားပါတယ်။
ဒေါပုံနဲ့ သာကေတမြို့နယ်မှာ ဒီနေ့ ညနေ ၅ နာရီလောက်မှာလည်း ပေါက်ကွဲသံတွေ ကြားရတယ်လို့ ဒေသခံတဦးက ပြောပြီး ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် သာကေတအဝိုင်းထိပ်မှာ စစ်ကောင်စီတပ်က ဆိုင်ကယ်တွေ တားဆီး စစ်ဆေးတာပြုလုပ်နေတယ်လို့ မြို့ခံက ပြောပါတယ်။
အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်အနီးတဝိုက်မှာလည်း ဒီနေ့မနက်က ဗုံး ၄ လုံး ပေါက်ကွဲခဲ့သလို စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးကျော်တံတားအနားမှ ဒီမနက် အစောပိုင်း ၂ နာရီလောက်က ပေါက်ကွဲမှုနဲ့ ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညက ပစ်ခတ်မှုကြောင့် လူအသေအပျောက်ရှိခဲ့တဲ့ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ ဒီနေ့ နေ့လယ်ပိုင်းက ရဲနဲ့စစ်သားအင်အားအလုံးအရင်းနဲ့ ၀င်ရောက်ပြီး ရှာဖွေဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ အဲဒီရပ်ကွက်တွေအတွင်းက NLD ပါတီဝင်တွေအိမ်ကို ၀င်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေအဆိုအရ သိရပါတယ်။
ဒေါပုံမြို့နယ်အတွင်း ညသပိတ်တွေ ရက်ဆက်ပြုလုပ်ခဲ့ပြီးနောက် မနေ့ညက ရဲအင်အားနဲ့ ဖမ်းဆီးရာမှာ ထွက်ပြေးသူတွေကို ရပ်ကွက်တွင်းထိ လိုက်လံပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“ဒီညလည်း ဘယ်လိုဖြစ်မလဲမသိဘူး။ ရပ်ကွက် ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို ရဲ အယောက် ၁၀၀ လောက် ဝိုင်းထားတယ်။ လမ်းတွေထဲကိုလည်း အယောက် ၂၀ လောက်ရှိတယ်၊ တအိမ်ပြီးတအိမ်ဝင်ရှာတယ်။ ပါးတွေနားတွေရိုက်နေတယ်။ ဒီညလည်း လုပ်ရဲရင် လုပ်ကြ (ညသပိတ်ဆန္ဒပြခြင်းကိုရည်ညွှန်း) ဆိုပြီးပြောပြီး ညကျရင် သေပြီသာမှတ်တော့”လို့ ပြောနေတယ်။
အိမ်တွေထဲကနေ ခေါ်ထုတ်သွားတာတွေသာ ကြားရပေမယ့် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ အခြေအနေ အသေးစိတ်မသိနိုင်သေးဘဲ၊ အမျိုးသားတွေကိုတော့ ရဲကားတွေပေါ်ကို တက်ခိုင်းပြီး ဖမ်းဆီးတယ်လို့လည်း ကြားရပါတယ်။