close

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်

close

June 7, 2022

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုအတွက် တရားလိုပြသက်သေ ၁ ဦးကို ဆက်လက်စစ်ဆေး

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို သူဌေးဦးမောင်ဝိတ်က ငွေလှူဒါန်းခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက အဂတိမှုနဲ့ တရားစွဲထားတဲ့ အမှုကို ဇွန် ၇ ရက် ဒီနေ့မနက် နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ တရားလိုပြသက်သေ ဒေါ်ဝတ်ရည်ထွေးကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး ငွေကြေးအဂတိလိုက်စားခဲ့တယ်လို့  စစ်ကောင်စီကစွပ်စွဲပြီး  ပုဒ်မ ၂ခုနဲ့တရားစွဲဆိုထားတာပါ။

တရားရုံးနဲ့နီးစပ်သူတစ်ယောက်က "ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့အမှုက လိုပြသက်သေတယောက်စစ်တယ်။ သက်သေက ဒေါ်ဝတ်ရည်ထွေးပါ။ သူက ဦးမောင်ဝိတ် လှူတဲ့အချိန်မှာ ရှိနေတယ်လိုထွက်ဆိုတာ။ နောက်အမှုတွေ အတွက်က ပြန်ခေါ်သက်သေ ဦးရဲထက်ကို စစ်တယ်။ ၄၊ ၅၊ ၂၅ အမှုတွေအတွက်ပါ။ ဦးမောင်ဝိတ်က ပြီးသွားပြီ သူမလာတော့ဘူး။ အတိုင်ပင်ခံကျန်းမာရေးအခြေအနေကောင်းပါတယ်။ ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့ ၃/၂၀၂၂ အမှုအတွက် လိုပြသက်သေ ဒေါ်ဝတ်ရည်ထွေး တစ်ယောက်တည်းကို ဒီနေ့စစ်သွားပါတယ်။"လို့  ပြောပါတယ်။

အဆိုပါ အမှု ၂မှုမှာ အဓိကတရား လိုပြသက်သေ ဦးမောင်ဝိတ်က ငွေကြေးလှူဒါန်းတာသာဖြစ်တယ်လို့ မေလ ၃၁ ရက်က ထွက်ဆိုခဲ့ပြီး ရုံးချိန်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဦးမောင်ဝိတ်က ရှစ်ခိုးကန်တော့ခဲ့ပါတယ်။

စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့တဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုစွဲဆိုထားတဲ့ အဂတိအမှု ၂ ကို မေ ၂ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ စတင်ကြားနာခဲ့ပါတယ်။ တရားလိုအဖြစ်  စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးရဲထက်က စွဲဆိုထားတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံခဲ့ရသူတွေထဲမှာ အန်အယ်လ်ဒီနဲ့ နီးစပ်သူတစ်ဦးဖြစ်တဲ့ လုပ်ငန်းရှင်ဦးမောင်ဝိတ်လည်းပါဝင်ခဲ့ပြီး သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရပါဘူး။

ဦးမောင်ဝိတ်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့အဂတိအမှုတွေမှာလည်း စစ်ကောင်စီက တရားလိုပြသက်သေအဖြစ် တင်သွင်းတာကိုခံခဲ့ရပါတယ်။

ဦးမောင်ဝိတ်ကတော့ အန်အယ်လ်ဒီနဲ့ပတ်သက်တဲ့အမှုတွေအားလုံးမှာ သူ့ဘက်က လှူဒါန်းတာတွေသာဖြစ်တယ်လို့  တရားရုံးမှာထွက်ဆိုထားပါတယ်။

11 mins Ago

May 2, 2022

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးမောင်ဝိတ် ငွေလှူဒါန်းမှုဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား စွဲထားသည့် အမှု စတင်စစ်ဆေး

စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့တဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိအမှုကို မေ ၂ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိ အထူးတရားရုံးမှာ စတင်ကြားနာစစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

ဒီအမှုမှာ တရားလိုဖြစ်တဲ့ စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးရဲထက်ကို အထူးတရားရုံးမှာ စတင်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ဦးမောင်ဝိတ်ကတော့ နောက်ရုံးချိန်းကျမှ ထွက်ဆိုရမှာ ဖြစ်ပါတယ်။

တရားရုံးနဲ့ နီးစပ်သူတစ်ယောက်က  “ဦးမောင်ဝိတ် လှူတယ်ဆိုတဲ့ကိစ္စတွေကို စစ်တာ။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို မောင်ဝိတ် လှူတဲ့ကိစ္စလေ။ ဦးမောင်ဝိတ်ကို မစစ်ရသေးဘူး။ တရားလို ဦးရဲထက်ကိုပဲ စစ်နေတာ” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံခဲ့ရသူတွေထဲမှာ NLD နဲ့ နီးစပ်သူတဦးဖြစ်တဲ့ လုပ်ငန်းရှင်ဦးမောင်ဝိတ်လည်း ပါဝင်ခဲ့ပြီး အာဏာသိမ်းခံရပြီးနောက် ၁ လအကြာမှာ ဦးမောင်ဝိတ်ရဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအလှူငွေနဲ့ပတ်သက်တဲ့ ရုပ်သံဖိုင်တခုကို စစ်ကောင်စီဝါဒဖြန့် ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

အဲဒီရုပ်သံဖိုင်ထဲမှာ ဦးမောင်ဝိတ်က  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို အလှူငွေလှူဒါန်းခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပထမအကြိမ် သူ လှူဒါန်းတုန်းက ဘေးမှာ အသိသက်သေလုပ်ငန်းရှင်အချို့ ရှိခဲ့တယ်လို့ ဦးမောင်ဝိတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဦးမောင်ဝိတ်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ အဂတိအမှုတွေမှာလည်း စစ်ကောင်စီက တရားလိုပြသက်သေအဖြစ် တင်သွင်းတာကို ခံခဲ့ရပါတယ်။

ဦးမောင်ဝိတ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ပတ်သက်တဲ့ အမှုတွေအားလုံးမှာ သူ့ဘက်က လှူဒါန်းတာတွေသာ ဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုထားပါတယ်။

1 month Ago
Up