နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိအမှုတွေထဲက ၅၀/၈ အမှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်တဲ့ အမှုတွေကို ဩဂုတ် ၉ ရက်က နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြည်သူတွေ သဘာဝဘေးအန္တရာယ် ကြုံတဲ့အခါမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာပါ။
ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ ၅၀/၈ အမှုအတွက် တရားလိုပြသက်သေ ဒုဝန်ကြီးဟောင်း ဦးစိုးအောင်ကို ဒီနေ့ရုံးချိန်းမှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
တရားရုံးနဲ့နီးစပ်သူတယောက်က “ရဟတ်ယာဉ်အမှုတွေက ဦးစိုးအောင်ကို ဆက်စစ်တာပဲ။ ၅၀ က မပြီးသေးဘူး။ နောက်တချိန်း ၁၅ ရက်နေ့မှာ စစ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရော ဦးဝင်းမြင့်ရော နေကောင်းတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုတွေက ၁၆ ရက်နေ့ ပြန်ချိန်းတယ်” လို့ ပြောပါတယ်။
ဩဂုတ် ၉ ရက် ညနေပိုင်းရုံးချိန်းမှာ ဦးမောင်ဝိတ်က ငွေကြေးလှူဒါန်းခဲ့တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဂတိအမှုတွေကို ဆက်လက်စစ်ဆေးခဲ့ပြီး လိုပြသက်သေတွေအဖြစ် အမှုအတွက် သက်သေရှာဖွေတုန်းက ပါဝင်ခဲ့တဲ့ ရပ်ကွက်ဥက္ကဋ္ဌနဲ့ ရပ်ကွက်တာဝန်ရှိသူတဦးကို စစ်ကောင်စီတရားရုံးက စစ်ဆေးခဲ့ပါတယ်။
၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုပေါင်း ၂၀ ထက်မနည်း ရှိခဲ့ပြီး အဲ့ဒီအထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပါတယ်။ ကျန်တဲ့အမှုတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ပေါင်းလိုက်ရင် အသက် ၇၇ နှစ်အရွယ် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နောက်ထပ် ထောင်ဒဏ် အနှစ် ၁၈၀ ကျော်အထိ ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုတွေကို လာမယ့် သြဂုတ် ၁၅ ရက်နေ့ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ ပြောပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အဂတိမှုတွေကို ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး လာမယ့် သြဂုတေ ၁၅ ရက်နေ့မှာ အပြီးသတ်အမိန့်ချမယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်(ရုံးချုပ်)မြေ ၁ ဒသမ ၈၆ ဧကနဲ့ အဆောက်အဦတို့ကို လုပ်ထုံးလုပ်နည်း ဖောက်ဖျက်ပြီး ထိုက်သင့်တဲ့ တန်ဖိုးမပေးဘဲ လျော့နည်းသက်သာတဲ့ နှုန်းထားနဲ့ ငှားရမ်းမှု၊ နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်နေတဲ့ လရောင်တောစိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းစီမံကိန်းဆောက်လုပ်ဖို့ မြေ ၁၀၁ ဒသမ ၃၃ ဧက ချထားပေးမှု၊ ပုဗ္ဗသီရိမြို့နယ်မှာ မြေ ၂၃ ဒသမ ၈၅၅ ဧက ချထားပေးမှု၊ နေပြည်တော်ရှိ လရောင်တောစီမံကိန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နေထိုင်ဖို့အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအလှူငွေထဲက ကျပ် ၁ ဒသမ ၆ ဘီ လီယံ သုံးစွဲမှု၊ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက ဒေါ်လာ ငါးသိန်းခွဲလာဘ်စားမှု စသဖြင့် စွပ်စွဲပြီး အဂတိမှုတွေနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီနေ့ သြဂုတ် ၈ ရက်နေ့ ရုံးချိန်းမှာ နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့အပေါ် စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှုတွေကို ရုံးထုတ်စစ်ဆေးခဲ့တယ်လို့လည်း တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ရုံးချိန်းမှာ ရဟတ်ယာဉ်ငှားရမ်းတာ သက်တမ်းတိုးတာနဲ့ပတ်သက်တဲ့ ပုဒ်မ ၄၈၊ ရဟတ်ယာဉ် ပြုပြင်ထိန်းသိမ်းတာနဲ့ပတ်သက်တဲ့ ပုဒ်မ ၅၀ တို့အတွက် တရားလိုပြသက်သေ လူကယ်ပြန်ဒုတိယ၀န်ကြီးဟောင်း ဦးစိုးအောင်အား ဆက်လက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။
မနက်ဖြန်ရုံချိန်းမှာ ရဟတ်ယာဉ်ပြုပြင်ထိန်းသိမ်းတာနဲ့ပတ်သက်တဲ့ ပုဒ်မ ၅၀ အမှု၊ ဦးမောင်ဝိတ်နဲ့ ပတ်သက်တဲ့ အဂတိမှုအတွက် သက်သေ သုံးဦးကို စစ်ဆေးသွားမယ်လို့လည်း အဆိုပါ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်