ဘားအံအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ ကျခံရမယ့်ပြစ်ဒဏ်တွေရဲ့ ထက်ဝက်ကာလအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ဖော်ဖော်ဝါရီ ၁၂ ရက် နေ့စွဲနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်က အမိန့် ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ နဲ့ ၂ နှစ် ၊ အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၅ မှုအတွက် ၇၅ နှစ်၊ မဲမသမာမှု စွပ်စွဲချက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က)နဲ့ ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် နှစ်ပေါင်း ၈၀ ချမှတ်ခံထားတာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း ထာဝရငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း နိုင်ငံတော်အတွင်း တရားရုံးအသီးသီးမှာ တရားစွဲဆိုထားဆဲ ရက္ခိုင့်တပ်တော် အေအေအဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူ ၄၆ ဦးကိုလည်း တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး အမှုကနေ လွှတ်ပေးလိုက်တယ်လို့ အမိန့်ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အကျဉ်းထောင်အသီးအသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေအနက် ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကို ကျခံပြီဖြစ်တဲ့အပြင် စည်းကမ်းကောင်းမွန်စွာ နေထိုင်နေကြတဲ့ အကျဉ်းသား ၈၁၄ ဦးကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အဆိုပါပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက် ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုလုပ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
အလားတူ သီရိလင်္ကာနိုင်ငံသား ၇ ဦးကိုလည်း နိုင်ငံချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍ လည်းကောင်း လူသားချင်းစာနာမှုအရလည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သီးခြားအမိန့်ထုတ်ပြန်ထားပါတယ်။
ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို စစ်ကောင်စီလက်အောက်ခံ ဘားအံမြို့နယ်တရားရုံးက မဲမသမာမှု စွပ်စွဲချက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က)နဲ့ ဒီဇင်ဘာ ၂၂ ရက်က ထောင် ၃ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ နဲ့ ၂ နှစ် ၊ အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၅ မှုအတွက် ၇၅ နှစ် အားလုံးထောင်ဒဏ် ၇၇ နှစ်ရှိနေတဲ့အပြင် အခုနောက်ထပ် ထောင်ဒဏ် ၃ နှစ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် နှစ်ပေါင်း ၈၀ ချမှတ်ခံထားရပါတယ်။
ကရင်ပြည်နယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ မဲမသမာမှုဖြစ်အောင်လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တဲ့အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဘားအံမြို့နယ် ထောင်တွင်းတရားရုံးကနေ ထောင် ၃ နှစ်ချမှတ်ခဲ့တာပါ။။
“ဘားအံမြို့နယ်တရားရုံးက ထောင်တွင်းတရားရုံးအနေနဲ့ စစ်ဆေးတာဖြစ်တယ်။ ဒေါ်နန်းခင်ထွေးမြင့်အနေနဲ့ သူကို ဘာပုဒ်မနဲ့ စွဲလို့ စွဲမှန်းမသိရပဲ တရားခွင်တက်ခဲ့ရတာ။ နောက် မိသားစုနဲ့ တွေ့ဆုံပြီး ရှေ့နေငှားရမ်းခွင့်ဆိုတဲ့ အစီအစဉ်တွေ လုပ်လို့မရဘူး။ မရတော့ ဒေါ်နန်းခင်ထွေးမြင့်ကိုယ်တိုင်က အမှုကို ဘာမှ ပြန်လှန်ပြောဆို မေးမြန်းပြုခြင်း မရှိဘဲနဲ့ ဝန်ခံချင်လည်း မရှိဘဲနဲ့ အမှုကို ဒီအတိုင်းပဲ ရင်ဆိုင်လိုက်ပြီးတော့ အမိန့်ချလိုက်တယ်”လို့ တရားရုံးနဲ့ နီးစပ်တဲ့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒေါ်နန်းခင်ထွေးမြင့်အမှုကို မူလလိုက်ပါခဲ့တဲ့ ရှေ့နေ ဦးအောင်သိန်းက” အမှုတစ်ခုကို တရားရုံးရှေ့မှာ ရင်ဆိုင်ရပြီဆိုရင် ဒီကန့်သတ်ထားတဲ့ ဥပဒေမှလွဲ၍ ကျန်တဲ့သူတွေဟာ ပွင့်လင်းမြင်သာစွာ အများပြည်သူကြားနာခွင့်ရှိတဲ့ တရားရုံးမျိုးဖြစ်ဖို့တော့ လိုတယ်”လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို စတင်ဖမ်းဆီးခဲ့ပြီး ၂ ရက်က ပြန်လည်လွတ်ပေးခဲ့ပြီးနောက် ၈ ရက်နေ့မှာ စစ်တပ်က နောက်ထပ်တကြိမ် ထပ်မံဖမ်းဆီးပြီး ဘားအံအကျဉ်းထောင်မှာ အခုချိန်အထိ ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။
ဒေါ်နန်းခင်ထွေးမြင့်ဟာ ကျန်းမာရေးမကောင်းမွန်တဲ့အတွက် ဆရာဝန်ရဲ့ အနီးကပ် စောင့်ရှောက်ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ ကြားသိရပါတယ်။