close

ဒေါ်နယ်ထရမ့် နေအိမ်

close

August 9, 2022

သမ္မတဟောင်း ဒေါ်နယ်ထရမ့် နေအိမ်ကို FBI ဝင်ရောက်စီးနင်း

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပန်းဘိချ်အရပ်ရှိ နေအိမ်ကို သြဂုတ် ၈ ရက်မှာ ပြည်ထောင်စုထောက်လှမ်းရေးဗျူရို (FBI) တပ်ဖွဲ့ဝင်တွေက ဝင်စီးခဲ့တယ်လို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ထရမ့်က သူ့ရဲ့ သမ္မတဆိုင်ရာ တရားဝင်မှတ်တမ်းတွေကို အမေရိကန်သမ္မတ အိမ်ဖြူတော်ကနေ ဖလော်ရီဒါပြည်နယ်က သူ့ရဲ့ အပန်းဖြေစခန်းဆီ ယူလာခဲ့လို့ အမေရိကန် တရားရေးဌာနက စုံစမ်းစစ်ဆေးနေတာနဲ့ ပတ်သက်နေနိုင်တယ်လို့ ရိုက်တာနဲ့ နယူးယောက်တိုင်းမ်စ် သတင်းဌာနတွေက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။

စီးနင်းမှုနဲ့ပတ်သက်လို့ တရားရေးဌာနက မှတ်ချက်ပေးဖို့ ငြင်းပါတယ်။ ဝါရှင်တန်ပြည်နယ်က FBI ဌာနချုပ်ရုံးကရော မိုင်ယာမီရုံးကပါ ထရမ့်ရဲ့အိမ် စီးနင်းခံရတာနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းထားပါတယ်။

သမ္မတဟောင်းတယောက်ရဲ့အိမ်ကို မကြုံစဘူး ရှာဖွေတာဟာ မှတ်တမ်းတွေ စုံစမ်းစစ်ဆေးရာမှာ သိသိသာသာ အရှိန်တက်လာတဲ့ အထိမ်းအမှတ် ဖြစ်လာနိုင်ပါတယ်။

ထရမ့်ဟာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာရော ပုဂ္ဂလိက စီးပွားရေးနယ်ပယ်မှာပါ စုံစမ်းစစ်ဆေးတာတွေကို ရင်ဆိုင်နေရပါတယ်။

ထရမ့်က သူ့ခြံဝင်းကို လက်ရှိမှာ FBI သူလျှိုအုပ်စုလိုက်ကြီး ဝိုင်းရံ စီးနင်း သိမ်းပိုက်ထားတယ်လို့ ပြောပါတယ်။ ဘာ့ကြောင့်စီးနင်းခဲ့တာလဲ ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

ထရမ့်က “သက်ဆိုင်ရာ အစိုးရအေဂျင်စီတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ကျနော့်အိမ်ကို အခုလို ထုတ်ဖော်မပြောဘဲ ဝင်ရောက်စီးနင်းတာဟာ မလိုအပ်သလို မသင့်လျော်ပါဘူး။ သူတို့က ကျနော့်ရဲ့ မီးခံသေတ္တာကိုပါ ဖောက်စစ်ခဲ့တယ်” လို့ ပြောပါတယ်။

စီးနင်းချိန်မှာ ထရမ့်ဟာ အဲဒီခြံဝင်းထဲမှာ ရှိမနေဘူး၊ ခြံဝင်းထဲဝင်ရှာဖို့ ရှာဖွေဝရမ်းကို FBI က ရအောင် စီမံခဲ့တယ်လို့ CNN သတင်းဌာနက ကြေညာခဲ့ပါတယ်။

ရှာဖွေမှုဟာ အမျိုးအစားခွဲထားတဲ့ စာရွက်စာတမ်းတွေနဲ့ ဆက်စပ်နေတယ်လို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CNN က ပြောပါတယ်။

FBI ဟာ ဖလော်ရီဒါပြည်နယ်က ထရမ့်ရဲ့ မာအာလာဂိုခြံဝင်းကို သြဂုတ် ၈ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသားမော်ကွန်းတိုက်က ရှာနေတဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်နေတယ်လို့ ထရမ့်ရဲ့သားဖြစ်သူ အဲရစ်ခ် ထရမ့်က ဖောက်စ်နယူးစ်သတင်းဌာနကို ပြောခဲ့ပါတယ်။

55 seconds Ago
Up