close

ဒေါ်မမလေး

close

May 16, 2022

ပင်းတယမြို့က အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးနဲ့ သူ့ရဲ့သားဖြစ်သူတို့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။

မေလ ၁၄ ရက်ညက  ဒေါ်မမလေးရဲ့ နေအိမ်ကို   စစ်ကောင်စီက အရပ်ကားတွေနဲ့ရောက်လာပြီး ဒေါ်မမလေးနဲ့သားဖြစ်သူ ကိုနေမျိုးထက်ကို ဖမ်းသွားတာလို့ သူနဲ့  နီးစပ်သူက ပြောပါတယ်။  

ဒေါ်မမလေးဟာ ၂၀၁၅ နဲ့ ၂၀၂၀  အထွေထွေရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှမ်းပြည်နယ်အမှတ်(၈) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရာ နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိထားသူ ဖြစ်ပါတယ်။ 

မိခင်နဲ့ အတူဖမ်းဆီးခံရတဲ့ ကိုနေမျိုးထက်ကတော့ သမဝါယမဌာနက CDM ဝန်ထမ်း တဦး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရှမ်းပြည်နယ်၀န်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် စီမံ/ ဘဏ္ဍာ၀န်ကြီး ဦးစိုးညွန့်လွင် အပါအ၀င် အန်အယ်လ်ဒီအမတ်တွေကို ဖမ်းဆီးထားပြီး လွတ်မြောက်နယ်မြေရောက်နေတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ကိုလည်း ဖမ်း၀ရမ်းထုတ်ထားပါတယ်။

1 hour Ago
Up